စစ်ကောင်စီတပ်နှင့် PNLAတို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား (၆၉)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် PNLAတို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား (၆၉)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် PNLA တပ်တို့၏ တိုက်ပွဲ (၁၁၉)ရက်အတွင်း အရပ်သား (၆၉)ဦးသေကာ (၉၈)ဦး ဒဏ်ရာ ရရှိကြောင်း Pa.O Youth Organization(PYO)ထံမှ သိရသည်။

တိုက်ပွဲများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့မှ မေလ (၁၈)ရက်နေ့အထိ ဆီဆိုင်၊ ပင်လောင်းနှင့် ညောင်ရွှေ စသည့်ဒေသများတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်းနှင့် ကျေးရွာများအတွင်းသို့ လေကြောင်းမှ (၄၆၃)ကြိမ်နှင့်အထက်၊ လက်နက်ကြီးနှင့် (၃၈၁)ကြိမ်နှင့်အထက် ပစ်ခတ်ခဲ့ပြီး အဆောက်အအဦး(၆၅၁)လုံးပျက်စီးကာ ဒေသခံ(၆၃,၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

သေဆုံးသူများထဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် (၁၀)နှစ်အောက်ကလေးငယ် (၁၀)ဦးနှင့် (၁၅)နှစ်တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

သေဆုံးသူ ကလေးအများစုသည် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ရာက သေဆုံးခြင်းဖြစ်ပြီး (၃)ဦးမှာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်းကြောင့် သေဆုံးသွာရသည်ဟု သိရသည်။ 

အခြားသေဆုံးမှုစာရင်းတွင် စစ်ရှောင်နေရင်း ပစ်ခတ်ခံရခြင်း၊ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သတ်ဖြတ်ခံရခြင်းနှင့် ကြောက်လန့်ထွက်ပြေးသွားသည့်အတွက် လိုက်လံပစ်ခတ်ခံရခြင်းတို့ကြောင့် ပါဝင်သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေး(၁၇)ဦးပါဝင်ပြီး ယင်းအထဲမှ (၂)ဦးမှာ မိုင်းနင်းမိခြင်း၊ (၂)ဦးမှာ ကြွင်းကျန်လက်နက်ပေါက်ကွဲခြင်းနှင့် (၁၃)‌ဦးမှာ လက်နက်ကြီး၊ လေကြောင်းတို့မှ ပစ်ခတ်ခံရခြင်းတို့ကြောင့်ဖြစ်သည်။

ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Pa-O Youth Organization