မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျင်းရွာတွင် အာဏာသိမ်းစစ်တပ်နှင့်လက်အောက်ခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်းမှ နေအိမ်ကို ဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်သွားပြီး ချိတ်ပိတ်သွားသည်။
ဝမ်းတွင်းမြို့နယ်၊ သုံးဒေါင့်အိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျင်းရွာတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်မှူးတေဇာဖြိုးနှင့်အဖွဲ့၊ ပင်းတလဲရဲစခန်းမှ နယ်ထိန်းကျော်မင်းဦးတို့ ပူးပေါင်းသည့် အင်အား (၃၀)ဝန်းကျင်က သေနတ်များ ကိုယ်စီယူဆောင်လာကြပြီး ရွာခံ ဦးမြင့်ဦး၏ နေအိမ်အား PDF များနှင့် ဆက်နွယ်၍ဟုဆိုကာ နေအိမ်အတွင်း ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးပြီး အချို့ပစ္စည်းများကို ယူဆောင်သွားသည့်အပြင် နေအိမ်ကိုလည်း ချိတ်ပိတ်သွားကြသည်။
အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ကျင်းရွာအတွင်း မကြာခဏ ဝင်ရောက်ပြီး အကြမ်းဖက်မှုများ ပြုလုပ်သလို ရွာခံအချို့ကိုလည်း ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း သိရသည်။