ပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နားချင်းနိုင်ငံများ အပါအဝင် နိုင်ငံအားလုံးအနေဖြင့် လေးစားရန် အရေးကြီးကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နားချင်းနိုင်ငံများ အပါအဝင် နိုင်ငံအားလုံးအနေဖြင့် လေးစားရန် အရေးကြီးကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နားချင်းနိုင်ငံများ အပါအဝင် နိုင်ငံအားလုံးအနေဖြင့် လေးစားပေးရန် အရေးကြီးကြောင်း ယနေ့ စက်တင်ဘာလ ( ၃ ) ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက  ပြောဆိုလိုက်သည်။ 

တနိုင်ငံလုံးတွင်ရှိသည့် ပြည်သူများသည် တော်လှန်ရေးတွင် ခိုင်မာသည့် ယုံကြည်ချက်ဖြင့် အသက်နှင့် ဘဝများ စွန့်လွှတ်ကာ လက်ချင်းချိတ် နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေကြပြီး ၊ ပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နားချင်းနိုင်ငံများ အပါအဝင် နိုင်ငံအားလုံးအနေဖြင့် လေးစားပေးရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ အရေးအကြီးဆုံးက ကျွန်တော်တို့ ပြည်သူများရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်‌ရေး အင်အားစုတွေနဲ့ ပူးပေါင်း ညှိနှိုင်းအဖြေရှာပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူများသည် တော်လှန်ရေးကို ပြင်းပြသည့် စိတ်ဓာတ်မှလွဲပြီး တခြားဘာမှမရှိဘဲ လက်ဗလာနှင့် စပြီး တော်လှန်ခဲ့ကြကာ ၊ မတရားမှုများအား လက်မခံနိုင်ဘဲ ယခင်က စနစ်ဆိုးကြီး တကျော့ ပြန်မလည်လာအောင် အပြီးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့ တစ်နေ့ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားက တိုင်းရင်းသားတွေ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ တိုင်းပြည်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည် ချက်လည်း ရှိပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားပေးပြီး မြန်မာ့အရေးကို ဝိုင်းဝန်း ကူညီပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း တိုက်တွန်းပြောကြားပေးစေ လိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံအတွင်းတွင် ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေရာတိုင်းတွင် ဖြစ်ပွားနေပြီး ၊ အဓမ္မစစ်မှုထမ်းကိစ္စ အကောင်အထည်ဖော်ပြီး နောက်ပိုင်းတွင် ပိုမိုဆိုးရွားစွာနှင့် ပြည်သူများ အနိုင်ကျင့်ခံနေရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“လူငယ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးတာတွေ၊ ပေါ်တာဆွဲတာတွေ အပြင်၊ ခရီးသွားလာခွင့်တွေပါ ကန့်သတ်၊ နိုင်ငံခြားထွက်ခွင့်တွေ ပိတ်ပင်ပြီး နည်းမျိုးစုံသုံးကာ လူ့အခွင့်အရေးချိုးဖောက်နေတာ တွေ့ရပါတယ်။ ပိုဆိုးတာက အခုဆိုရင် ပြည်သူ့လုံခြုံရေးအဖွဲ့အတွက်ဆိုပြီး ရပ်ကွက်အလိုက် စာရင်းတွေလည်း ကောက်နေပြီ ကြားရတာမို့ ပြည်သူတွေအနေနဲ့ အတော်လေး စိတ်လုံခြုံမှုကင်းမဲ့ နေမယ်လို့ ထင်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တိုင်းပြည် အခက်အခဲဖြစ်နေချိန် ပြည်သူများ ဒုက္ခရောက်နေချိန်၌ ပြည်သူအချင်းချင်း စာနာမှုမရှိဘဲ ခေတ်ပျက်ချိန် သူဌေးဖြစ်စေရန် ကြိုးစားနေသည့် လေဆိပ်ရှိ သတင်းရဲတပ်ဖွဲ့ ၊ လေကြောင်း ရဲတပ်ဖွဲ့ နှင့် အကျင့်ပျက် Non- CDM ဝန်ထမ်းများ ၊ စစ်မှုထမ်းကိစ္စ အကြောင်းပြပြီး ပြည်သူများထံ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှုးများအကြောင်း ကြားရသည်မှာ အင်မတန်စိတ်ပျက်မိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ ဒါကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခေတ်ဟောင်းစနစ်ဟောင်းနဲ့အတူ မကောင်းတဲ့အကျင့်ပျက် ခြစားမှုတွေကိုပါ တစ်ခါတည်း တိုက်ထုတ်ပစ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အခုဆိုလျှင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်အတွင်း၌လည်း တချို့သော တာဝန်ရှိသူများသည် လုပ်ပိုင်ခွင့်ကို အလွှဲသုံးစားလုပ်ပြီး လက်နက်အားကိုးဖြင့် ပြည်သူကို နိုင်ထက်စီးနင်းပြုလုပ်မှုများရှိနေဟု ပြန်လည်ကြားသိရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ ဒါတွေကို ပြတ် ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကို ထပ်မံမှာကြား လိုပါတယ်။ ပြည်သူ့အင်အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ တော်လှန်ရေးတာဝန်ယူထား ကြတဲ့ တာဝန်ရှိသူတွေက အာဏာပြအနိုင်ကျင့်တာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ လူတွေဆိုတာတော့ အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် မူဝါဒ ခိုင်ခိုင်မာမာနဲ့ သေချာထိန်းကျောင်းသွားကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ပန်းတိုင်နီးလာလေလေ ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံကနေ လုပ်ဆောင်ရမည့် ကိစ္စများ ၊ တိုင်ပင်ညှိနိူင်းရမည့် ကိစ္စများအား သတိကြီးနှင့် အလေးထားစီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။