ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်၊ ဒေသခံထောင်ချီထွက်ပြေးရ

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များဝင်ရောက်တိုက်ခိုက်၊ ဒေသခံထောင်ချီထွက်ပြေးရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခမရ(၄၁၀)တပ်ရင်း ဝင်းတာပန်တပ်စခန်းအား KNDO ပူးပေါင်း PDF တပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မှုများကြောင့် ဝင်းတာပန်အထက်ရွာနှင့် ဝင်းတာပန်ရွာကြီးရှိ အိမ်ခြေ(၂၈၁)လုံးမှ လူဦးရေ (၁၄၆၈)ဦး တိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီ၏ ဝင်းတာပန်တပ်စခန်းမှ လက်နက်ငယ်၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းတာပန်ရွာကြီးရှိ ဖူးမောင်သန်းမြနေအိမ် လက်နက်ကြီးကျရောက်ကာ နေအိမ်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဝင်းတာပန်အထက်ရွာရှိ ဒေသအခေါ် တမီပလောမှ (၅၂)ဦး၊ နို့ဝခို့ပလောမှ (၆၅)ဦး၊ ထို့လေ့တေးပလောမှ (၇၅)ဦး၊ နော်ကတိုကလိုးနီမှ (၈၁)ဦး၊ တာပေါကလိုးနီမှ (၆၉)ဦး၊ ကျေးတိုပလောမှ (၂၃)ဦး၊ တာပေါကလိုကွာခီးမှ (၃၁)ဦးတို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

ဝင်းတာပန်ရွာကြီးရှိ ဒေသအခေါ် ထီးသောဃယ်ကလိုးနီမှ (၂၈၂)ဦး၊ သာလည်ကလိုးနီမှ (၃၆၂)ဦး၊  ဒေ့လော်ဖိုး ဘော်နော်နီမှ လူဦးရေ(၁၇၇)ဦး၊ ဝင်းတာပန်ရွာကြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံတိမ်းရှောင်သူ (၇၁)ဦးနှင့် မြို့ထဲသို့ တိမ်းရှောင်သူ (၁၈၀)ဦး ရှိနေကြောင်း သိရသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးအခက်ခဲဖြစ်နေပြီး အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo:KNU-Doo Tha Htu District