မောင်တောတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

မောင်တောတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အရပ်သားများ လိုက်ပါလာသည့်ကားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ညနေပိုင်းက ARSA က ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ညနေ (၄)နာရီ (၁၅)မိနစ်အချိန်တွင် မောင်တောမြို့ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်၍ ပြန်လာသော ကားမောင်းသူနှင့် အရပ်သား (၆)ဦးပါသော တေဘာကားတစ်စီးအား ARSA လက်နက်ကိုင် တပ်ဖွဲ့များက လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ARSA၏ ပစ်ခတ်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် မောင်တောမြို့နယ် အောင်မင်္ဂလာရွာနေ ဒေါ်ဆန်းဆန်းဦး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးသွားပြီး အောင်မင်္ဂလာရွာမှ မဌေး၊ ကိုစောနိုင်၊ ဦးညီချေနှင့် သာယာကုန်းရွာမှ ဦးထွန်းဝင်းလှိုင်တို့မှာ ဦးခေါင်း၊ ဗိုက်၊ ခြေထောက်တို့တွင် ဒဏ်ရာရသွားသည်ဟု သိရသည်။

ဒဏ်ရာရသူများကို AA ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးနေသည်ဟုလည်း ထုတ်ပြန်ထားကာ တစ်ပြိုင်နက်တည်းတွင် အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်သွားခဲ့သော ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို AAက လိုက်လံရှင်းလင်းနေသည်ဟု ဆိုသည်။



 

မောင်တောတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေရာ ARSA၊ RSO၊ ARA တို့ကလည်း စစ်ကောင်စီဘက်က ဝင်တိုက်ပေးနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: AA Info Desk