ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် ဆည်တော်ကြီးရေလှောင်တမံအား စနစ်တကျ စောင့်ကြည့်လည်ပတ်လျှက်ရှိကြောင်း MDY-PDF ထုတ်ပြန်

ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် ဆည်တော်ကြီးရေလှောင်တမံအား စနစ်တကျ စောင့်ကြည့်လည်ပတ်လျှက်ရှိကြောင်း MDY-PDF ထုတ်ပြန်
စက်တင်ဘာ 16, 2024 | အခြားဒေသများ

ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျ စောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ၂၀၂၄ခုနှစ် စက်တင်ဘာလ ( ၁၅ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ (၄၂၀)ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၅)ရက်နေ့ တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ လက်ရှိကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အသိပေးထားသည်။

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်းတည်ရှိသည့် ရေအားလျှပ်စစ်ထုတ်ယူရေးအတွက် ရည်ရွယ်တည်ဆောက်ထားသည့် ဆည်တော်ကြီးရေလှောင်တမံကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း ( ၂ ) နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသေးသည့် မတ္တရာမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိကြောင်း သိရသည်။