ထားဝယ်မြို့လယ်ခေါင်တွင် စစ်ကောင်စီအား မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

ထားဝယ်မြို့လယ်ခေါင်တွင် စစ်ကောင်စီအား မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့လယ်ခေါင်တွင် စစ်ကောင်စီအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားရာ တစ်လုံးပေါက်ကွဲကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ်-LLPDF မှ သတင်းထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၁၇) ရက်နေ့ နံနက် ရှစ်နာရီတွင် ထားဝယ်မြို့လယ်ခေါင်ရှိ တော်လှန်ရေးသမိုင်းဝင် ဥတ္တားကြီးလမ်းဆုံ၌ မိုင်းတစ်လုံး၊ မော်တော်ပီကယ်ဂိတ်အနီး၌ မိုင်းတစ်လုံး စုစုပေါင်း မိုင်း (၂) လုံးချထားပြီး စစ်ကောင်စီမှ မိုင်းလာရှင်းစဉ် ဖောက်ခွဲတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဥတ္တားကြီးလမ်းဆုံ၌ချထားသည့် မိုင်းအား စစ်ကောင်စီအင်ဂျင်နီယာတပ်ရင်း BE တပ်မှ မိုင်းလာဖြုတ်ချိန် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်သေဆုံးခဲ့ကာ၊ မော်တော်ပီကယ်ဂိတ်အနီး၌ ထောင်ထားသည့်မိုင်းအား စစ်ကောင်စီမှရှာဖွေတွေ့ရှိခဲ့ပြီး ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း LLPDF အဖွဲ့မှဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး နှင့် ဒေါင်းညီနောင်စစ်ကြောင်းမှ မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စစ်ရေးပစ်မှတ်များအား အချိန်အခါမရွေးတိုက်ခိုက်သွားမည်ဖြစ်ပြီး ထားဝယ်မြို့ထဲလမ်းများပေါ်၌ ဖြစ်စေ စစ်ကောင်စီတပ်စွဲရာ စခန်းအနီးဝန်းကျင်၌ဖြစ်စေ မသင်္ကာစရာ အထုပ်ပိုးနှင့် အိတ်များကို ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်သားများ တပ်စွဲရာနေရာများအနီးမှ ရှောင်ရှားနေကြရန် လောင်းလုံးမြို့နယ်-LLPDF မှ အသိပေးထားသည်။

#TachileikNewsAgency