တန့်ဆည် နှင့် ရေဦးအကြား စိမ်းခါးရွာအနီးတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံး

တန့်ဆည် နှင့် ရေဦးအကြား စိမ်းခါးရွာအနီးတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ နှင့် ရေဦးမြို့အကြား စိမ်းခါးရွာအနီး ဟိုက်ဝေးလမ်းအတိုင်း မောင်နှင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ကားများကို  မတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦးသေပြီး (၁)ဦး အရှင်မိကာ လက်နက် (၅)လက် သိမ်းဆည်းရမိကြောင်း  သိရသည်။

တိုက်ခိုက်မှုကို Phoenix Defence Force - Taze (တန့်ဆည်မြို့နယ်တပ်ရင်း (၂)၊ တပ်မ(၇)၊ တပ်ခွဲ (၃) )နှင့် ဓူဝံမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေနတ် (၅)လက်နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာများနှင့် ခြေဦးတည့်ရာ ထွက်ပြေးသွားကြကြောင်း သိရသည်။

"စခများကို လိုက်လှန်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်မှု အခက်အခဲတွေကြောင့် မိမိတို့ တော်လှန်ရေးရဲဖော်များ ပြန်လည်ဆုတ်ခွာခဲ့ပါသည်။"ဟု Phoenix Defence Force - Tazeက ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် စိမ်းခါးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှို့နေကြောင်း သိရသည်။