အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းမကြီးတွင် တိုက်ပွဲဖြစ်နေ

အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းမကြီးတွင် တိုက်ပွဲဖြစ်နေ

မကွေးတိုင်း အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းမကြီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ထုတ်ပြန်အသိပေးသည်။

ဖေဖော်ဝါရီလ (၁၇)ရက်နေ့ကစတင်ကာ ပုံဖျက်ချီတက်လာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီလ (၁၇)ရက်နေ့က အထက်မင်းလှမြို့နယ် ရှမ်းတပ်စခန်းနှင့် တစ်မိုင်ခွဲခန့်အကွာ ပုသိမ်-မုံရွာ ကားလမ်းမကြီးတွင် တွဲကားများဖြင့် ပုံဖျက်ချီတက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က MA-15 အလတ်စား စက်သေနတ်(ငါးကြင်းမြှီး)၊ RPG၊ ၄၀ မမ ဗုံးပစ်လောင်ချာ၊ Droneများ အသုံးပြု၍ ပစ်ခတ်ပြီး ထိခိုက်ဒဏ်ရာရသူရှိသဖြင့် တပ်ဆုတ်သွားသည်ဟု ဆိုသည်။

ယင်းနေ့တွင်ပင် သရက်မြို့ အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၁၂)မှ စစ်ကူပို့သည့် လက်နက်ခဲယမ်း သယ်ဆောင်လာသောကားတစ်စီး မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်သား(၂)ဦး သေဆုံးသည်ဟု ဆိုသည်။

ထို့နောက် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ရှမ်းတပ်ကြီးရဲစခန်းမှ ထပ်မံချီတက်လာရာ တော်လှန်ရေးတပ်များက ထပ်မံ၍ အနီးကပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား(၃)ဦးထက်မနည်း ဒဏ်ရာသည်ဟု ထုတ်ပြန်သည်။ 

ပုသိမ်-မုံရွာလမ်းမကြီးတွင် ခရီးသွားလာနေသော ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်‌နေမှုများ၊ ၎င်းတို့တပ် အခြေချရာနေရာများနှင့် နီးကပ်စွာ နေထိုင်ခြင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ သွားလာနေထိုင်ခြင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပုံဖျက်သယ်ဆောင်ပေးမှုများ မပြုလုပ်ကြရန် အသိပေးထားသည်။

 

ထို့အပြင် မင်းလှမြို့နယ်အတွင်း ခရီးသွားလာလှုပ်ရှားမှုများအား မနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်းသာ သွားလာကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လုံခြုံရေးအစီအမံများအား ပူးပေါင်းပါဝင်ကြရန်လည်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများကို အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်( PIO/PIA) ပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency