မကွေးတိုင်း ငဖဲမြို့နယ် အမ်း - ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် လူထုတော်လှန်ရေးမဟာမိတ် အင်အားစုတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၅)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။
အမ်း - ပဒါန်းလမ်းပိုင်း ဂုတ်ကြီးကျေးရွာ အနောက်ဖက်တွင် ပဒါန်းဘက်မှ တက်လာသော အင်အား(၁၀၀) ဝန်းကျင်ပါ စစ်ကောင်စီ၏ ခဲယမ်းတင်ကား(၄)စီးကို တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီကားတစ်စီး ပျက်စီးသည်ဟု ဆိုသည်။
““လက်ရှိအခြေအနေကတော့ ထိတွေ့မှုတွေ ဖြစ်ပွားနေတုန်းပဲလို့ ပြောလို့ရပါတယ်။”ဟု လူထုတော်လှန် ရေးမဟာမိတ်အင်အားစုတပ်ဖွဲ့( People's Revolution Alliance (PRA-Magway) )မှ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က Tachileik News Agency ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ပြောသည်။
ဇန်နဝါရီလ(၇)ရက်နေ့ကလည်း ဂုတ်ကြီးရွာမှ ခွန်ဇူးရွာသို့ စစ်ကြောင်းထိုးလာသော အက်အား(၃၀)ခန့် ပါ စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၄)ဦးသေသည်ဟု ဆိုသည်။
လက်ရှိတွင် ရခိုင် - မကွေးနယ်စပ်မှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများရှိနေပြီး အင်အားတိုးနေခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်တင်းနေခြင်းများလည်း ပြုလုပ်နေသည်ဟု သိရသည်။
“သူတို့က စစ်ကြောင်းထိုးတာမျိုး မဟုတ်ဘဲနဲ့ ပဒါန်းတပ်နယ်လုံခြုံရေးအတွက်ဆိုပြီး ရခိုင်-မကွေးနယ်စပ်မှာ တပ်တွေလာချထားတာပါ။ တိုက်ပွဲပြင်းထန်နေတာမျိုးတွေရှိပါတယ်။”ဟု ကိုနောင်သူရိန်က ပြောသည်။
စစ်ကောင်စီတပ်သည် တပ်မ(၉၉)လက်အောက်ခံတပ်ရင်းများမှ စစ်သုံ့ပန်း(၂၅)ဦးဝန်းကျင်ကို စစ်ဆင်ရေးစတင်ချိန်ကတည်းက ယနေ့အထိ ဖမ်းဆီးရမိထားသည်ဟုလည်း ဆိုသည်။
လက်ရှိတွင် အမ်း-ပဒါန်းလမ်းပိုင်း၌ ခမရ(၄၁၉)၊ ခမရ(၄၁၇)၊ ခမရ(၁၁၃)တပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၏ ပြောဆိုချက်အရ တပ်မ(၉၉)တစ်ခုလုံး ဝင်ရောက်လာမည့် အစီအစဉ်ရှိနေသည်ဟု ပြောသည်။