စစ်ကောင်စီက နှစ်ကြီးအကျဉ်းသားများကို အဓမ္မလက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက်ရန် စေခိုင်းနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က စုံစမ်းဖော်ပြသည်။
တိုက်ပွဲဖြစ်ပွားရာနေရာများရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီတပ်က အကျဉ်းချခံထားရသော ရာဇဝတ်အကျဉ်းသားများကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်၍ ကင်းစောင့်ခိုင်းခြင်းနှင့် တော်လှန်ရေးတပ်များတိုက်ခိုက်ပါက ခုခံကာကွယ်ရန် အမိန့်ပေးစေခိုင်းနေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ အချက်အလက်အသေးစိတ်ကိုတော့ ပြောဖို့မရှိပါဘူး။ ကျွန်တော်တို့ အချိန်များစွာယူပြီးတော့မှ ဒီတစ်ခုကို အာရုံစိုက်ပြီးတော့မှ သေချာစိစစ်မှုတွေ များစွာလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာလည်း အထောက်အထား တချို့ရှိပါတယ်။ အဲဒီအချက်တွေအပေါ် မူတည်ပြီးတော့မှ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။
ကချင်ပြည်နယ်အတွင်း KIA နှင့် တော်လှန်ရေးတပ်များ တိုက်စစ်ဖော်ဆောင်သည့် ဒေသများအတွင်းရှိ ဗန်းမော်အကျဉ်းထောင်နှင့် မိုးညှင်းအကျဉ်းထောင်များတွင် ရာဇာဝတ်မှုများဖြင့် နှစ်ကြီးကျနေသည့် အကျဉ်းသားအချို့ကို စစ်ကောင်စီတပ်က လက်နက်များတပ်ဆင်ပေးခဲ့သည်။
ထို့နောက် ထောင်ခံစစ်ကင်းများတွင် လုံခြုံရေးစောင့်ခိုင်းခြင်းနှင့် စစ်ကောင်စီတပ်သားများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ခုခံရန် စေခိုင်းခံခဲ့ရသည်ဟု ဆိုသည်။
စစ်စည်းကမ်း၊ ရဲစည်းကမ်းဖောက်ဖျက်မှုကြောင့် အကျဉ်းထောင်တွင်း ဖမ်းဆီးထားသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ခြင်းလည်း ရှိခဲ့သည်။
တစ်လေးလုံးစစ်ဆင်ရေးဖြင့် လွိုင်ကော်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဗိုလ်အဆင့်ဖြင့် ဖမ်းဆီးခံထားရသူများအား တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ပါက ကျခံနေရသည့် ပြစ်ဒဏ်များ ဖျက်သိမ်း၍ မူလရာထူး(ယာယီ)ပြန်ပေးမည်ဟုဆိုကာ စစ်ကောင်စီက အသုံးချခဲ့သည်ဟု ဆိုသည်။
“သူတို့ကိုယ်တိုင်(အကျဉ်းကျ စကစ တပ်သား)ပြန်ပြီး တိုက်ခိုက်တာရှိခဲ့တယ်။ လက်ရှိဆိုရင် စစ်ကောင်စီတပ်ထဲမှာ တာဝန်ပြန်ထမ်းဆောင်သူတွေဖြစ်နေကြပြီပေါ့နော်။”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
အကျဉ်းသားများအား လက်နက်ပေးကိုင်ပြီး ခံစစ်ပြင်ခိုင်းခြင်းသည် စစ်ကောင်စီတွင် လူအင်အားနည်းလာခြင်းကြောင့် အကျဉ်းထောင်အတွင်းက အကျဉ်းသားများကို အသုံးပြုလာခြင်းဖြစ်သည်ဟုလည်း ကိုသိုက်ထွန်းဦးက သုံးသပ်သည်။
#TachileikNewsAgency