စစ်ကောင်စီနှင့် ချုပ်ဆိုသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များကို ရပ်ဆိုင်းထားရန် ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပြောဆိုထားသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော၏ ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၈)ရက်နေ့တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ယင်းသို့ ထည့်သွင်းပြောဆိုသည်။
စစ်ကောင်စီအာဏာသိမ်းမှုမတိုင်မီက နိုင်ငံများအကြား ချုပ်ဆိုထားသော နယ်နိမိတ်သဘောတူညီချက်များအပါအဝင် စာချုပ်များနှင့် သဘောတူညီချက်များကိုသာ အသိအမှတ်ပြု တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ထံမှ ခွင့်ပြုမိန့်များတောင်းခံ၍ ရင်းနှီးမြှုပ်နှံခြင်းများအား လုံးဝမပြုလုပ်ကြရန်လည်း ပြောဆိုသည်။
“ရေရှည်တည်တန့်ခိုင်မြဲတဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ဟာ အကျိုးမရှိကြောင်းကိုလည်း ရုရှားအစိုးရထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ဆောင်ရွက်ဆဲ တရားမဝင်တဲ့ ရင်းနှီးမြှုပ်နှံများကိုလည်း ချွင်းချက်မရှိ ရပ်ဆိုင်းထားဖို့ အထူးသတိပေးအကြောင်းကြားလိုပါတယ်။”ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလက ရုရှားနှင့် ဘီလာရုဇ်နိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် မြန်မာနိုင်ငံတွင် လိုအပ်နေသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ထားဝယ်ရေနက်ဆိပ်ကိမ်းစီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ခဲ့ ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာကလည်း မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံတည်ဆောက်ရန်၊ နျူကလီးယားစက်ရုံ တည်ဆောက်ရန်တို့ကိုလည်း သဘောတူညီမှုများရယူထားကာ မြေနေရာအတည်ပြုရန် စမ်းသပ်နေပြီဖြစ်သည်။
စစ်ကောင်စီသည် အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးတာဝန်ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၇ နှစ်အထိ တာဝန်ယူထားခြင်းဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားရန် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့သည်။
#TachileikNewsAgency