ထောက်ပို့တပ်မှ ဒုတပ်ကြပ်တစ်ဦး KPLA ထံ အလင်းဝင်

ထောက်ပို့တပ်မှ ဒုတပ်ကြပ်တစ်ဦး KPLA ထံ အလင်းဝင်

စစ်ကောင်စီ၏ ထောက်ပို့တပ်ရင်းမှ တပ်ကြပ်တစ်ဦး ကရင်နီပြည်ပြည်သူ့လွတ်မြောက်‌ရေးတပ်မတော်(KPLA)ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

မန္တလေးတိုင်း မိတ္ထီလာမြို့ ရထပ (၁) အမှတ်(၁) ရှေ့တန်းအ‌ခြေချ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ ဒုတပ်ကြပ် မင်းခန့်ကျော် သည် (၇)နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း လက်နက်နှင့်အတူ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA-၉၄၂၅)တပ်ရင်းထံ အလင်းဝင်လာခြင်းဖြစ်သည်။

 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတပ်ကြပ် မင်းခန့်ကျော်သည် မိတ္ထီလာမြို့ ရထပ(၁) အမှတ်(၁)မှ ကရင်နီပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ထပရ(၇၂၂) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲထံ ပို့ဆောင်ခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် စစ်အာဏာသိမ်းအချိန်မှစ၍ အကြောင်းအရာမရှိ ပြည်သူများကို ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်း၊ မတရားဖမ်းဆီးခြင်းများ အကြိမ်ကြိမ်တွေ့မြင်နေရသဖြင့် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ 

အလင်းဝင်လာသော ဒုတပ်ကြပ် မင်းခန့်ကျော်သည် G-3 (BA-72) တစ်လက်၊ ကျည်ဘောက် (၃)ခုနှင့် ကျည်ဆံ (၁၂၀)ထောင့်ပါဝင်လာသဖြင့် ဆုငွေ ကျပ်သိန်း(၂၀)ချီးမြင့်သည်ဟု သိရသည်။

#TachileikNewsAgency