ငပလီမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများကို မောင်ရွှေလေးရေတပ်က ဝင်ခွင့်မပေးဘဲ ဂျိတ္တောတွင် ခံစစ်ပြင်ခိုင်း

ငပလီမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများကို မောင်ရွှေလေးရေတပ်က ဝင်ခွင့်မပေးဘဲ ဂျိတ္တောတွင် ခံစစ်ပြင်ခိုင်း

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီရှိ တပ်ရင်းများမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများကို မောင်ရွှေလေးရေတပ်သို့ တပ်ဆုတ်ခွင့်မပေးဘဲ ဂျိတ္တောရပ်ကွက်တွင်တပ်စွဲကာ ခံစစ်ပြင်ဆင်ခိုင်းထားကြောင်း တပ်တွင်းသတင်း အရင်းအမြစ်ထံမှ သိရသည်။

အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် ငပလီမှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်၏ ခလရ(၅၅)၊ ခမရ (၅၆၆)နှင့် ပြည်သူ့စစ်များသည် ဂျိတ္တောရပ်ကွက်တွင် ပူးပေါင်းခံစစ်ပြင်ဆင်နေရပြီး မောင်ရွှေလေးရေတပ်စခန်းကလည်း ၎င်းတို့ကို အဝင်မခံဟု ဆိုသည်။

“မောင်ရွှေလေး ကွင်းဝိုင်းရေတပ်ကို ဂျိတ္တောဖောင်ဆိပ်ကနေ သွားလို့ရတယ်။ စစ်ကောင်စီတပ် အချင်းချင်းကို ကွင်းဝိုင်းရေတပ်ဖက်က အလာမခံလို့ ဒီကောင်တွေ ဂျိတ္တောထဲ ပိတ်မိနေတာ။ ဟိုတစ်နေ့က သားအဖနှစ်ယောက်ကို ပစ်သတ်တဲ့ကိစ္စမှာ ရေတပ်ကို လိုက်ပို့ခိုင်းတာ။ နောက်ထပ် ရေတပ်စခန်းဖက်ကို သွားဖို့ ကြိုးစားကြသေးတယ်။ ရေတပ်ဘက်က အဝင်မခံဘူး။ Navy Seal ကပဲ ဂျိတ္တောကို အတက်၊ အဆင်းလုပ်ခွင့်ရနေတာ။ ”ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

ယမန်နေ့က အာရက္ခတပ်တော် (AA)သည် သံတွဲလေဆိပ်နှင့် ခမရ(၅၆၆)ကို သိမ်းပိုက်ကာ ခလရ(၅၅)ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီသည် မြို့တွင်းသို့ လေယာဉ်ပျံဝဲခြင်း၊ တပ်စွဲထားသည့် ထောင်အတွင်းမှ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းတို့ကြောင့် ဂျိတ္တောရပ်ကွက် ရွှေတောင်ကြားလမ်း(ဂျိတ္တောကွက်သစ်)ကို လက်နက်ကြီးကျကာ နေအိမ်တစ်လုံးပျက်စီးပြီး ဒေသခံတစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။ 

 

“အခုပဲ ‌မြေပြင်ရပ်ကွက်နဲ့ ဂျိတ္တော ကပ်လျက်ရပ်ကွက်နှစ်ခုမှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ငယ်တွေနဲ့ပစ်ခတ်သံတွေကြားရတယ်။ အသေးစိတ်တော့ မသိရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့သိမ်းတိုက်ပွဲကို AA သည် ၂၀၂၄ ခုနှစ် ဧပြီလ (၁၃)ရက်နေ့ကစတင်ခဲ့ပြီး စစ်ကောင်စီ၏ သံတွဲအခြေစိုက် တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆)နှင့် ခလရ (၅၅)တပ်ရင်းတို့အပြင် တပ်မ (၁၀၁)လက်အောက်ခံတပ်ရင်း များဖြစ်ကြသည့် ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅)(မိတ္ထီလာ-တမခ-၉၉)-လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး)-နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့အပြင် စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းများနှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များက ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ တပ်မ (၁၀၁)၏ လက်အောက်ခံ တပ်ရင်းများအားလုံးနီးပါးကို AAက အပြတ်ချေမှုန်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား(၄၀၀) ကျော်သေပြီး လက်နက်ခဲယမ်းအများအပြားကိုသိမ်းဆည်းရရှိခဲ့သဖြင့် စစ်ကောင်စီတပ်သားအလောင်းများကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။ 

"ပြီးခဲ့တဲ့ရက်တွေကလည်း တောလမ်းအတိုင်း စစ်ကောင်စီတပ်သားတွေ ပြေးလာကြတာတွေ့ရတယ်။ ဘယ်ကိုပြေးတာလဲတော့ မသိဘူး။ ရွာထဲတော့ မဝင်ဘူး။ ရွာထဲဝင်ရင်သေမှာပေါ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ (၅၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းနေသည်ဟု ထုတ်ပြန်ထားသည်။ 

ခလရ (၅၅)နှင့်အတူ (၁၀၁)တပ်မ လက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂)တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅)တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင်အနီးမှ ခုခံတိုက်ခိုက်နေကာ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

#TachileikNewsAgency