ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းနှစ်ခုနှင့် ရဲစခန်းတစ်ခုမှ စစ်ကောင်စီတပ်သားနှင့် ရဲများထွက်ပြေး

ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းနှစ်ခုနှင့် ရဲစခန်းတစ်ခုမှ စစ်ကောင်စီတပ်သားနှင့် ရဲများထွက်ပြေး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ မြင်းစီးရွာ ပျူစောထီးစခန်း၊ ကူးတို့ဆိပ်ရွာ ပျူစောထီးစခန်းနှင့် ဆင်အင်းကျေးရွာရှိ ဆင်အင်းရဲစခန်းတို့ကို တော်လှန်ရေးတပ်များ ဝင်တိုက်ရာ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် မိသားစုဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ စခန်းများအား ၂၀၂၄ ခုနှစ် ဇူလိုင် (၁၃)ရက်နေ့တွင် ဝင်တိုက်ရာ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများသည် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် ထွက်ပြေးသွားသဖြင့် ရွှေဘိုမြို့နယ် ပကဖတာဝန်ခံ၏ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေး(PDO)အဖွဲ့မှ ဦးဆောင်၍ တိုက်နယ်(၃)နယ်မြေခံ ပကဖအဖွဲ့များနှင့် ပူးပေါင်းကာ နယ်မြေရှင်းလင်းပြီး အထိုင်စခန်းများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဇီးကုန်းရွာပျူစောထီးစခန်းနှင့် ရွှေဘိုမြို့တို့တွင် တိမ်းရှောင်နေသည်ဟု ဆိုသည်။

အဆိုပါ မြင်းစီးရွာပျူ‌စောထီးစခန်း၊ ကူးတို့ဆိပ်ရွာ ပျူစောထီးစခန်းနှင့် ဆင်အင်းကျေးရွာ ရဲစခန်းမှ စစ်ကောင်စီတပ်၊ ရဲများ၊ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဒေသခံများအား  မတရားဖမ်းဆီးခြင်းများ၊ တော်လှန်ရေးရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ပြီး စခန်းများအတွင်း ဘန်ကာများတည်ဆောက်၍ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် 96 Soldiers-PDF(အညာဒေသ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး Frghter one တပ်ဖွဲ့မှ ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရ (တစ်ဦးစိုးရိမ်ရ) ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို 96 Soldiers-PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Shwebo FederaL Army၊ BFDF(Burmese Farmer Defence Force)၊ Phoenix Wings၊ Phoenix Defence Froce(ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့LPDF၊ CAF(Civil Armed force) တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency 

Photo: -96 Soldiers - PDF(အညာဒေသ)