ရခိုင်ပြည်နယ် မောင်တောမြို့၊ စစ်ကောင်စီတပ်၏ တမန်းသားစခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်သား (၂၀)ဦးကျော်သေပြီး လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။
မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း AAက ဝိုင်းရံပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေသည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်ပြီး အဆိုပါကြိမ်ချောင်းစခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်နေသည်ဟုဆိုသည်။
ထိုးစစ်အား အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်သည်ဟုလည်း သိရသည်။
ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကာ စစ်ကောင်စီတပ်သားအလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရရှိထားသည်ဟု သိရသည်။
ထို့အပြင် ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော်က မတ်လ (၂၀)ရက်နေ့မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်နေရာ ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် (ရွာပျက်)၏ မီတာ (၃၀၀) ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော စစ်ကောင်စီတပ်သားများထဲမှ (၁၂)ဦးကို ရှင်းလင်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၄)ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်နေသည်ဟု ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများအား တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသောကြောင့် ပြည်သူများအပါအဝင် အရပ်ဘက်ပစ်မှတ်၊ စစ်ပွဲနှင့်မသက်ဆိုင်သော ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်နေပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ပြည်သူလူထုများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေ တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency