မေလ တတိယပတ်အတွင်း မြို့ (၃)မြို့နှင့် တပ်စခန်း (၁၁)ခုတို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်

မေလ တတိယပတ်အတွင်း မြို့ (၃)မြို့နှင့် တပ်စခန်း (၁၁)ခုတို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်

၁၀၂၇ စစ်ဆင်ရေး၏ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ၏အရှိန်သည် တနိုင်ငံလုံးသို့ ကူးစက်ပြီးနောက် (၇) လ ကြာသည့်အချိန်အထိ ရပ်တန့်ခြင်းမရှိသေးဘဲ အထူးသဖြင့် ရခိုင်၊ ချင်းနှင့် ကချင်ပြည်နယ်များ၌ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အားကောင်းနေဆဲဖြစ်ကာ ယခုအပတ် မေလ (၁၈)ရက်နေ့ မှ မေလ (၂၄) ရက်နေ့ အတွင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ (၃) မြို့နှင့် တပ်စခန်း (၁၁)ခုတို့ကို တော်လှန်ရေး အင်အားစုများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် မြို့များမှာ ချင်းပြည်နယ်၌ တွန်းဇံမြို့နှင့် ကျီခါးမြို့ ၊ ရခိုင်ပြည်နယ်၌ ဘူးသီးတောင် မြို့တို့ဖြစ်ပြီး စစ်ကောင်စီတပ်စခန်း အများဆုံး သိမ်းပိုက်ခံရသည့် ပြည်နယ်မှာ ရခိုင်ပြည်နယ်ဖြစ်၍ ဒုတိယအနေဖြင့် ကချင်ပြည်နယ် ဖြစ်ကြောင်းသိရသည်။

နိုင်ငံတဝန်း၌ တိုက်ခိုက်မှု (၂၁၇) ကြိမ်ရှိခဲ့ပြီး ထိတွေ့တိုက်ပွဲ အကြိမ် (၁၀၀) ခန့် နှင့် လေကြောင်းတိုက်ခိုက်မှု (၃၄) ကြိမ်အထိရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲပြင်းထန်သည့်ဒေသများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အဓိကထား အသုံးပြုနေပြီး ပြီးခဲ့သည့် တပတ်အတွင်း ကချင်ပြည်နယ်တွင် (၁၂)ကြိမ်၊ ရခိုင်ပြည်နယ်တွင် (၉) ကြိမ်၊ ချင်းပြည်နယ်တွင် (၇) ကြိမ်၊ စစ်ကိုင်းတိုင်းတွင်(၂) ကြိမ်နှင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း (၁)ကြိမ်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း BACS မှ ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကို လေတပ်စခန်းများမှ ထွက်ခွာပြီး ပြန်ရောက်သည်အထိကို (၁)ကြိမ် အဖြစ် သတ်မှတ်ရေတွက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ယခုတပတ်အတွင်း သတ်ဖြတ်မှုများကြောင့် ကလေးငယ် (၄)ဦးနှင့် အမျိုးသမီး (၁၂)ဦး အပါအဝင် အရပ်သား (၄၆)ဦး သေဆုံးခဲ့ရပြီး အဆိုပါအရေအတွက်သည် တစ်ရက်လျှင် အရပ်သား ပြည်သူ (၆)ဦးခန့် သတ်ဖြတ်ခံနေရခြင်းဖြစ်ကာ နိုင်ငံတဝန်း နေအိမ်ဖျက်ဆီးခံရမှုမှာလည်း (၂၀၁)လုံးအထိ ရှိခဲ့ကြောင်း BACS ၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြား၌ ပြည်သူများ၏ လူထုသပိတ်များမှာ ယခုအပတ်အတွင်း မြို့နယ် (၁၄) မြို့နယ်၌ (၄၉) ကြိမ်အထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ 

လူထုသပိတ်များ၏ ကြွေးကြော်သံများမှာ “ညောင်ရေသွန်းလောင်း စစ်ခွေးမောင်း”၊ “ဖက်ဆစ်စစ်တပ်ကို လေယာဉ်ဆီ ရောင်းပေးနေတာ ချက်ချင်းရပ်တန့်ရေး”၊ “မြန်မာဝမ်ပေါင်နှင့် ယမ်စီသတ္ထုတွင်း လုပ်ငန်းများ လည်ပတ်ရန် ကြိုးစားနေတာ ရပ်တန့်ပေး” တို့ဖြစ်ကြောင်းသိရသည်။

သပိတ်အင်အားစုများမှာ ယခု (၂)ပတ်အတွင်း စစ်ကောင်စီကို အတူတကွ တိုက်ပွဲဝင်ကြရန်နှင့် လေယာဉ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးရန် မီးမောင်းထိုးပြနေသည်တွေ့ရကြောင်း BACS မှဆိုသည်။

BACS အဖွဲ့သည် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် စစ်ရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို စာရင်းနှင့် အချက်အလက်ကောက်ယူခြင်းနှင့်  တော်လှန်ရေးအင်အားစုများ သတိပြုရမည့် စစ်ကောင်စီ၏ လှုပ်ရှားမှုနှင့် ဝါဒဖြန့်အကြောင်းအရာများကို လစဉ်နှင့် အပတ်စဉ် ဖော်ထုတ်တင်ပြနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study