Eleven သတင်းဌာန အယ်ဒီတာချုပ်ဟောင်းဦးဆောင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းဖြင့် ဖမ်းဆီးရမိ 

Eleven သတင်းဌာန အယ်ဒီတာချုပ်ဟောင်းဦးဆောင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းဖြင့် ဖမ်းဆီးရမိ 

Eleven သတင်းဌာန အယ်ဒီတာချုပ်ဟောင်းဦးဆောင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၅)ရက်နေ့က ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေးစစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော်မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာသည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှ ယာဉ်ပေါ်တွင် ကြက်စာအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကာလတန်ဖိုး ငွေကျပ်(၂၀ ဒသမ ၁၆)ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၃ ဒသမ ၄၄)သန်းကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများကို ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီး တို့(၃)ဦးအား ရမည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် သယ်ဆောင်ခဲ့သည့် NISSAN BOX မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင်(ခ)ဗလ နှင့် မြင့်အောင်တို့ (၃)ဦးအား ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် TOYOTA WILL မော်တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ Eleven သတင်းဌာန အယ်ဒီတာချုပ်ဟောင်း ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အား ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ ဂိုဏ်းဖွဲ့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်နေသည်ဟု သိရသည်။

အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency