နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီတပ် ထောက်ခံပွဲသို့ သွားသည့် ယာဥ်တန်း မိုင်းခွဲခံရ

နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီတပ် ထောက်ခံပွဲသို့ သွားသည့် ယာဥ်တန်း မိုင်းခွဲခံရ

 နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ဘုရားကွင်း အတွင်းပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲသို့ သွားသည့် ယာဥ်တန်းကို ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်လာသည်။

မေလ (၁၆)ရက်က ပြုလုပ်ခဲ့သည့် အဆိုပါထောက်ခံပွဲကိုသွားရန် လူစုနေသည့် ကား (၁၀) စီးပါ ယာဥ်တန်းကို လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အစပ် အမျိုးသမီးရေးရာရုံးချုပ်ရှေ့တွင် မိုင်းခွဲခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့(နေပြည်တော်)က ယနေ့မေလ(၂၂)ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပျူစောထီးများ၊ စစ်မှုထမ်းဟောင်းများပါဝင်သည့် ယာဥ်တန်းအား အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် (၆)ဦး ထိခိုက်ဒဏ်ရာရကာ ကား (၂)စီး ပျက်စီးခဲ့သည်ဟုဆိုသည်။

"ပြည်သူလူထုကိုမငဲ့ဘဲ အရပ်သားပြည်သူများကို အကြမ်းဖက်မီးရှိ့သတ်ဖြတ်နေသည့် အာဏာရူးစစ်တပ်အား ထောက်ခံကြခြင်း၊ ငြိမ်းရေးအတွက် တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုဝင်များအား ဖမ်းဆီးသတ် ဖြတ်နှိပ်စက်နေသော အကြမ်းဖက်စစ်အာဏာရူးများအား ထောက်ခံကြခြင်းတို့သည် အကြမ်းဖက်သမားနောက်လိုက်တို့၏ ယုတ်မာသောအကြံဆိုးဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း" စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့(နေပြည်တော်)က ထုတ်ပြန်ထားသည်။

စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်) အနေဖြင့် ငြိမ်းရေးအတွက် ဆက်လက်တော်လှန်သွားမည်ဖြစ်ပြီး တော်လှန်ရေးလုပ်ငန်းစဥ်များအောင်မြင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ပေးရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။