မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများအား ပဒေသာမိုင်းဖြင့် နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မုံရွာမြို့နယ် နိဗ္ဗာန်ဝကျေးရွာ ရွေမြင်တင်တောင်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် မုံရွာမြို့နယ် ဗောဓိတစ်ထောင်ဘုရားနှင့် ခတက္ကန်ကျေးရွာသို့ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှ စစ်ကြောင်းထိုးချိန်  ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ သံပြားကားဖြင့် ဗောဓိတစ်ထောင်သို့ လာရောက်ခေါ်ဆောင်စဉ် အပြန်လမ်းတွင် ယင်းနေ့ နေ့လယ် (၁၂)နာရီကျော်တွင် မိုးညှင်း/ဗောဓိတစ်ထောင်လမ်းပိုင်းတနေရာ၌ တော်လှန်ရေးအင်အားစုများက (၄)လုံးတွဲ ပဒေသာမိုင်းပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဗောဓိတစ်ထောင်ဘုရားနှင့်  ခတက္ကန်တောင်ရွာတို့တွင် တပ်စွဲပြီး မုံရွာ နမခ သို့ ပြန်လည်ဝင်ရောက်ရန် ခြေလျှင်စစ်ကြောင်းဖြင့် ယာခင်းများဖြတ်၍ ထွက်လာသည့် စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းတခုကို ဗောဓိတစ်ထောင် နှင့် တောင်မတောရွာ လမ်းပိုင်းတနေရာတွင် တော်လှန်ရေးအင်အားစုများက (၆) လုံး ပဒေသာမိုင်းပွိုင့်ဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သားများ သယ်ဆောင်လာသည့် သံပြားကာကား အင်ဂျင်ပိုင်းထိမှန် ပွင့်ထွက်သွားခဲ့ပြီး ၊ ဒုတိယအကြိမ် တိုက်ခိုက်မှုအတွင်း ရှေ့ပြေး ခြေလျှင်စစ်ကြောင်း၏ ကင်းပုံးဝပ်နေကြသည့် စစ်ကောင်စီတပ်သားများအနီး ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးပတ်ဝန်းကျင်သို့ ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့သော်လည်း မိုင်းဆွဲခဲ့သည့် တော်လှန်ရေးအင်အားစုများမှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ  ဖောက်ခွဲတိုက်ခိုက်မှုများအား Area71 PDF Monywa အဖွဲ့ ၊ မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့နှင့် မုံရွာမြို့နယ် တိုက်နယ် (၄) ပလဖ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency