ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ ညနေပိုင်းကစတင်၍ ဓာတ်ဆီပြတ်လပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲကြောင့် ကားလမ်းပိတ်ခြင်းမရှိဘဲ ဓာတ်ဆီဝယ်မရသဖြင့် ဆီဆိုင်များကို ပိတ်လိုက်ရခြင်းဖြစ်ပြီး မည်သည့်အချိန်ဆီပြန်ရမည်ကို မသိဟု ဆီဆိုင်များကပြောကြောင်း ဒေသခံများက ဆိုသည်။
"မနက်ကတော့ တချို့ဆိုင်တွေ နည်းနည်းပါးပါးရောင်းပေးတယ်။ အခုတော့ ဆီမရှိတော့လို့ ပိတ်လိုက်ကြပြီ။ ကျန်တဲ့ဆိုင်တွေကတော့ မရောင်းပေးတော့ဘူး။ ဒါပေမယ့် ဆိုင်ကိုဖွင့်ထားတယ်။ မပိတ်ထားဘူး။ ဆိုင်ထဲဝင်သွားရင်တော့ လက်ခါပြတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ယမန်နေ့က မြစ်ကြီးနားတွင် ဓာတ်ဆီ တစ်လီတာ (၄၅၀၀)ကျပ်ဖြင့် ဝယ်ယူခဲ့ရပြီး ယနေ့ နံနက်ပိုင်းတွင် ဆီဆိုင်များပိတ်ထားသဖြင့် ဈေးနှုန်းမသိရဟုလည်း ဆိုသည်။
"မနေ့က ညနေပိုင်းက ဆီသွားထည့်တာ ဘယ်ဆိုင်မှ မရခဲ့ဘူး။ ဒီနေ့မနက်ပိုင်းက တချို့ဆိုင်တွေဖွင့်ထားတော့ ဆီသွားထည့်တာ မရခဲ့ပြန်ဘူး။ ဆိုင်ကိုမေးကြည့်တာ ဆီမရှိလို့ ဆိုင်မဖွင့်ဘူးတဲ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလကလည်း ဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆီကုန်သည်များထံမှ လက်ကားယူဝယ်သည့်စျေးသည်များနေပြီး စစ်ကောင်စီမှ ရောင်းချခိုင်းသည့် လက်လီဈေးနှုန်းနည်းနေခြင်းကြောင့် ဆီအရောင်းဆိုင်များ အရှုံးပေါ်ကာ ဆီဆိုင်များ ရပ်နားခဲ့ရသည်။
"လောလောဆယ် အပြင်သွားစရာကိစ္စရှိရင်တောင်မှ မသွားဘူးပေါ့နော်။ (၁၀)ခေါက်ထွက်ရမယ်ဆိုရင် တစ်ခေါက်ထဲပေါင်းပြီး သွားနေရတာပေါ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၌ စက်သုံးဆီအရောင်းဆိုင် (၁၅၀)ကျော်ရှိသည့်အနက် မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ပေါင်း(၃၀)ကျော်ရှိကြောင်း သိရသည်။
#TachileikNewsAgency