မုန်းမြို့နှင့် ရွှေကျင်မြို့တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းမှ ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၂ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရ

မုန်းမြို့နှင့် ရွှေကျင်မြို့တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းမှ ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၂ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရ
စက်တင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မုန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်အတွင်း လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် အရပ်သား(၂)ဦး သေဆုံးကာ (၁၃)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၃)လုံး ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၃)ရက်နေ့က မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်မဟာ(၃)လက်အောက်ခံတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် ခမရ(၄၃၉)နှင့် ခလရ(၆၀)တပ်များက လက်နက်ကြီး(၆၃)လုံးခန့်ပစ်ခတ်ခဲ့ရာ ဟော်ခိုဝေါ် (ငထွေစုပ်)ရွာ ဘုရားအနီးသို့ အလုံး(၃၀)နှင့် ဝေကော်ရွာသို့ (၃၂)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်(၄)စီးဖြင့် ဟော်ခိုဝေါ်(ငထွေစုပ်)ရွာအတွင်းသို့ (၂၃)ကြိမ် ပစ်ခတ်ခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်(၃)လုံး ပျက်စီးခဲ့ရသည့်အပြင် ရွာ(၅)ရွာမှ အရပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် လည်ပတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ခလရ(၆၀)က  မုန်းမြို့နယ်အတွင်းရှိ ပရဲစီကျေးရွာအတွင်းသို့ လက်နက်ကြီး(၃)လုံး ပစ်ခတ်ခဲ့ရာ အရပ်သား(၃)ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် ရွှေကျင်မြို့နယ်၌ စစ်ကောင်စီတပ်၏ ပုဇွန်မြောင်းရှိ အမြောက်တပ် ခမရ(၂၀)က  လက်နက်ကြီးများဖြင့် ညောင်ပင်ကြီးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ၎င်းရွာမှ အရပ်သား(၃)ဦး ဒဏ်ရာရပြီး  ညပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ဝိုင်ကျိုးကျေးရွာအတွင်းသို့ ကျရောက်ပြီး (၆)လသားအရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Karen National Union