ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(TNLA)၏ အကောက်ခွန်ဌာနက တအာင်းဒေသအတွင်းရှိ ဒေသခံများကို သွင်းကုန်၊ ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ အခွန်ကင်းလွတ်ခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်နေ့က စတင်ခဲ့ပြီး ပြည်သူလူထုများ၏ အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် တအာင်းဒေသအတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်၊ ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အခွန်ကင်းလွတ်ခွင့်တွင် တအာင်းဒေသအတွင်းသို့ တင်သွင်းသည့် စားသောက်ကုန် ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများသာ အကျုံးဝင်သည်ဟုလည်း ဆိုသည်။
မန္တလေးဘက်မှ တအာင်းဒေသအတွင်းသို့ တင်သွင်းလာသည့် သွင်းကုန်များဖြစ်သည့် စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနှင့် တအာင်းဒေသအတွင်း အချင်းချင်းကူသန်းရောင်းဝယ်မှုနှင့် သွင်းကုန်၊ ပို့ကုန်အပေါ် အခွန်ကောက်ခံမည်မဟုတ်ဟုလည်း သိရသည်။
တအာင်းဒေသနှင့် တရုတ်နိုင်ငံအကြား သွင်းကုန်၊ ပို့ကုန်ကုန်ပစ္စည်းများနှင့် တအာင်းဒေသမှ မန္တလေးဘက်သို့ တင်ပို့သည့်ကုန်ပစ္စည်းများကိုမူ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်ထားသည့်အပြင် တချို့ဂိတ်များကိုလည်း ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: PSLF/TNLA News