ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း AA ထံ စစ်ရှုံးသည့် စစ်ကောင်စီတပ်၏ မိသားစုဝင်များအား ထားရာနေရာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် (၂၈) ဦးသေဆုံးပြီး (၂၅) ဦးဒဏ်ရာရသွားကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတွင် AA က ထိန်းသိမ်းထားသည့် စစ်ကောင်စီသုံ့ပန်းများ၏ မိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ညနေ (၄)နာရီ (၄၅) မိနစ်မှစ၍ တစ်မိနစ်စီခြားပြီး (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုမှ ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၂၈) ဦး သေဆုံးကာ (၂၅) ဦး ဒဏ်ရာရသွားကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်၍ အရေးပေါ်ကုသပေးနေရသူများလည်းရှိရာ သေဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
အဆိုပါ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုများကို အာရက္ခတပ်တော်က မကြာမီပြန်လွှတ်ပေးမည်ဖြစ်၍ ယာယီထိန်းသိမ်းထားစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံကြရခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများစသည့် အရပ်သားနေရာများကိုပါ လေကြောင်းမှတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည့်အပြင် စစ်ရှုံးနယ်မြေများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ၎င်း၏တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းထားသည့်နေရာများကိုပါ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၇) မြို့နယ်တွင် အာရက္ခတပ်တော် - AA က (၁၄) မြို့နယ်အပြင် ချင်း - ရခိုင်နယ်စပ်ရှိ ပလက်ဝမြို့ကိုပါ ပြီးခဲ့သည့်နှစ်အတွင်းက သိမ်းပိုက်ထားခြင်းဖြစ်သည်။
ယင်းသို့သိမ်းပိုက်မှုများအတွင်း AA က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့လည်းပါဝင်ပြီး AA က စစ်သုံ့ပန်းများနှင့် မိသားစုဝင်များအား ကောင်းမွန်စွာထားရှိပြီး လိုအပ်သူများကို ဆေးကုသမှုများပါ ပေးထားကြောင်း ရုပ်သံဖိုင်ဖြင့် ယမန်နှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့က ထုတ်ပြန်ထားသည်။