မလွတ်သေးသည့် အနုပညာရှင်များအတွက် တင်ပြခွင့်ရရန် အာဏာသိမ်းခေါင်းဆောင်၏ တွေ့ဆုံပွဲသို့တက်ခြင်းဖြစ်ကြောင်း အကယ်ဒမီများရှင် ရန်အောင် ဖြေရှင်း

မလွတ်သေးသည့် အနုပညာရှင်များအတွက် တင်ပြခွင့်ရရန် အာဏာသိမ်းခေါင်းဆောင်၏ တွေ့ဆုံပွဲသို့တက်ခြင်းဖြစ်ကြောင်း အကယ်ဒမီများရှင် ရန်အောင် ဖြေရှင်း
နိုဝင်ဘာ 3, 2021 | အခြားဒေသများ

မလွတ်သေးသည့် အနုပညာရှင်များအတွက် တင်ပြခွင့်ရရန် အာဏာသိမ်းခေါင်းဆောင်နှင့်တွေ့ဆုံပွဲတက်သည်ဟု အကယ်ဒမီများရှင် ရန်အောင် ဖြေရှင်း

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံပွဲတက်ခြင်းမှာ မလွတ်သေးသည့် အနုပညာရှင်များအတွက် ပြောဆိုတင်ပြခွင့်ရရန် တက်ရောက်ခြင်းဖြစ်သည်ဟု တွေ့ဆုံပွဲတက်ခဲ့၍ လူထု၏ဝေဖန်မှုကို ခံနေရသည့် အကယ်ဒမီဆုများရှင် မင်းသား ရန်အောင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၃) ရက်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် ဖြေရှင်းထားသည်ကို တွေ့ရသည်။

"ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ။ ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ အချိန်တော်တော် ကြာကြာ စဉ်းစားခဲ့ပါတယ်။ မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာ ညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိုင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်။ ဒီထက်ပိုပြီး ဘာအပေးအယူ ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး။"ဟု အကယ်ဒမီဆုများရှင် မင်းသား ရန်အောင်က ဖြေရှင်းထားသည်ကို တွေ့ရသည်။

မင်းသားရန်အောင်သည်  ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် အောက်တိုဘာလ (၃၁) ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တို့တွေ့ဆုံပွဲတွင် တက်ရောက်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပရိတ်သတ်ဝေဖန်မှုများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းလာသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများအား နည်းလမ်းမျိုးစုံအကြမ်းဖက်နှိမ်နှင်းနေရာ အမှုဖွင့်ခံရ၍ တိမ်းရှောင်နေရသည့် အနုပညာရှင်အများအပြားရှိနေပြီး အနုပညာရှင်အချို့မှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားကြရခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် အနုပညာကဏ္ဍတစ်ခုစီအတွက် အာဏာသိမ်းအဖွဲ့က ကျပ်သိန်း (၁၀၀၀) စီ ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်း ရေးမှူး ဦးညွန့်တင်၊ တွဲဘက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင် လယ်ဝေး) )၊ မြန်မာနိုင်ငံရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံသဘင်အစည်း အရုံး အမှုဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံဂီတ ပညာရှင်များကိုယ်စားမြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်တို့ က လက်ခံရယူကြသည်ဟု သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာသိမ်းအဖွဲ့အား အထောက်အကူပေးသည့် အနုပညာရှင်များအား ပြည်သူများက လက်မခံဘဲ ဖယ်ကြဉ်မှုများပြုလုပ်လာကြသည်ကို တွေ့ရသည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့အား အထောက်အပံ့ဖြစ်စေမည့် ထောက်တိုင်များအား မပံ့ပိုးခြင်းဖြင့် ပြည်သူလူထုက အာဏာသိမ်းမှုကို ဆန့်ကျင်နေကြပြီး စစ်တပ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ ထုတ်ကုန်များအား မသုံးစွဲခြင်း၊ အာဏာသိမ်းအဖွဲ့နှင့်ဆက်စပ်သူများအား ဖယ်ကြဉ်ခြင်းများကို ပြုလုပ်လာကြခြင်းဖြစ်သည်။

 

 

ဆက်စပ်သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ တစ်ခုချင်းစီကို ကျပ်သိန်း(၁၀၀၀)စီ ပေး