တောင်သာမြို့နယ် ဇရပ်ကြီးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

တောင်သာမြို့နယ် ဇရပ်ကြီးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း တောင်သာမြို့နယ် ဇရပ်ကြီးရွာကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ ပျက်စီးသွားသည်ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇရပ်ကြီးရွာ အထက်တန်းကျောင်းအနီးကို ပေါင်(၅၀၀)ဗုံး ကြဲချရာ အဆောက်အဦးအချို့ ပျက်စီးပြီး၊ ဆိတ်တစ်ကောင် သေသည်ဟု ဆိုသည်။

“လူထိခိုက်မှုမရှိပါဘူး။ နေအိမ်နှစ်လုံးပျက်စီးပြီး ဆိတ်တစ်ကောင်သေပါတယ်။”ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

တောင်သာမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများဂရုစိုက်နေထိုင်ကြရန်၊ ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လေယာဉ်သံ အချက်ပေးစနစ် ကျင့်သုံးကြရန်လည်း လူထုလှုပ်ရှားမှုကော်မတီတောင်သာက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တောင်သာမြို့နယ်သို့ ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှု (၈)ကြိမ် ပြုလုပ်ထားရာ (၇)ကြိမ်မှာ စက်တပ်လေထီးဖြင့် ဗုံးကြဲချခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ရွာတန်းရှည်၊ သာစည်ရွာ(ရ)၊ ကျွန်းရွာလေး ညောင်တို၊ ဝါးကြီးအိုင်၊ ညောင်ကုန်း၊ ရွှေစည်ကြီး၊ ဇရပ်ကြီးစသည့် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုအထဲမှ သာစည်ရွာ(ရ)နှင့် ဇရပ်ကြီးရွာတို့သည့် နှစ်ကြိမ်မြောက်တိုက်ခိုက်ခံထားရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၄)ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရကာ ကလေး(၂)ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ (၂၈)ရက်နေ့ကလည်း စက်တပ်လေထီး (၂)စီးဖြင့် ရွာတန်းရှည်ကျေးရွာကို ဗုံးသီးချရာ နေအိမ်တစ်လုံးပျက်စီးပြီး မပု(၂၆)နှစ် သေဆုံးကာ အသက်(၃၀)နှစ်အရွယ် အမျိူသားတစ်ဦးနှင့်  (၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရသည်။

ဇန်နဝါရီလ(၂၃)ရက်နေ့တွင် စစ်ကောင်စီသည် စက်တပ်လေထီးဖြင့် သာစည်ရွာ(ရ)ကို ဗုံးသီးချရာ ဦးစိန်ဝင်းနေ အိမ်ပေါ် သို့တစ်လုံးကျပြီး မီးလောင်ပျက်စီးကာ အိမ်နီးချင်းဖြစ်သူ ဒေါ်ဇင် (၇၀)နှစ်သေဆုံးသည်ဟု ဆိုသည်။

ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် သာစည်ရွာ(ရ)မှ အသက် (၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးသည်။ 

ယင်းနေ့တွင်ပင် စက်တက်လေထီး (၂)စီးဖြင့် ကျွန်းရွာလေး အရှေ့ဘက် ဘုရားစေတီအနီးနှင့် ညောင်တိုရွာဘုန်း ကြီးကျောင်းအရှေ့ဘက်ကို ဗုံးသီးချတိုက်ခိုက်ရာ ညောင်တိုရွာမှ နေအိမ်(၂)လုံးပျက်စီးသည်။ 

ဇန်နဝါရီလ (၁၉)ရက်နေ့တွင် စက်တပ်လေထီး (၂)စီးသည် ဝါးကြီးအိုင် ပျူစောထီးစခန်းပတ်ဝန်းကျင်သို့ ဗုံးသီးချရာ နေအိမ်(၂)လုံး ပျက်စီးပြီး ဆိတ်တစ်ကောင်နှင့် နွားတစ်ကောင် ဒဏ်ရာရကာ ဇန်နဝါရီလ(၁၈)ရက်နေ့တွင် စက်တပ်လေထီးဖြင့် ညောင်ကုန်းကျေးရွာသို့ ဗုံးသီးချရာ ဒေါ်ခင်သန်း(၇၈)နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှိုင်(၇၇)နှစ် သေဆုံးသည်။

ဇန်နဝါရီလ(၅)ရက်နေ့တွင် စက်တပ်လေထီး(၃)စီးဖြင့် ရွှေစည်ကြီးကျေးရွာ ဗုံးသီးချရာ နေအိမ်တစ်လုံး ပျက်စီးပြီး မမြင့်သန်း (၅၈)နှစ် သေဆုံးကာ အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

ဇန်နဝါရီလ(၃)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည်  ဇရပ်ကြီးရွာအနီး တောစပ်သို့  စက်တပ်လေထီး(၂)စီးဖြင့် ဗုံး(၄)လုံးချ တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

#TNA_MAT

Photo:လူထုလှုပ်ရှားမှုကော်မတီ တောင်သာ