လားရှိုးထောင်မှ နိုင်ကျဉ်းများနှင့် မိသားစုဝင်များ အဆက်အသွယ်ပြတ်နေ

လားရှိုးထောင်မှ နိုင်ကျဉ်းများနှင့် မိသားစုဝင်များ အဆက်အသွယ်ပြတ်နေ
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်မှ အကျဉ်းသားများပြန်လွတ်လာပြီဟု သတင်းထွက်နေသော်လည်း နိုင်ငံရေးအကျဉ်းသားများကို လက်ရှိအချိန်ထိ မိသားစုဝင်များက အဆက်အသွယ်မရသေးဟု မိသားစုဝင်များထံမှ သိရသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နေရာ လားရှိုးအကျဉ်းထောင်လည်း ပွင့်သွားပြီဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာသည်ဟု သတင်းထွက်နေခြင်းဖြစ်သည်။

“ထောင်ကတော့ ပွင့်သွားပြီ။ ထောင်မှာ ဘယ်သူမှမရှိတော့ဘူး။ ဒါပေမယ့် နိုင်ကျဉ်းတွေအကုန်ပျောက်နေတယ်။ ဘယ်သူမှ အဆက်အသွယ်မရဘူး။ ဘာမှ လိုက်ရှာလို့မရဘူးဖြစ်နေတယ်။”ဟု ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဦးထွန်းထွန်းဟိန်သည် အသက်(၇၅)နှစ်ရှိပြီဖြစ်ပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရထားသူလည်း ဖြစ်သည်။  

ထို့နောက် စစ်တပ်အာဏာသိမ်းရာ ဦးထွန်းထွန်းဟိန်ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ(၁၂၂)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ်(၃၃)နှစ်ဖြင့် လားရှိုးထောင်တွင် အကျဉ်းချထားခြင်းဖြစ်သည်။

"ဦးထွန်းထွန်းဟိန်နဲ့ နိုင်/ကျဉ်းတချို့ကို ကျနော်တို့ရှာဖွေနေပါတယ်။ တိုက်ပွဲဖြစ်နေရင်း ထောင်ပွင့်သွားတော့ အကုန်လုံး လွတ်ရာကျွတ်ရာပြေးကြရင်း အဆက်အသွယ်လည်း သေချာမရလိုက်ပါဘူး။ ဘေးကင်းရာမှာရှိနေမယ်လို့တော့ ယုံကြည်ပါတယ်"ဟု BPLA တပ်ဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။  

“ထောင်က မပွင့်ဘူးလည်းပြောနေကြတာ။ အခုထိ ဘာမှမကြားသေးဘူး။ အဆက်သွယ်တွေက မရတော့ ဘယ်ဟာယုံရမှန်းမသိဖြစ်‌နေတာ။ အခုထိ အသိတွေထဲ သိရသလောက်တော့ အကုန်အဆက်သွယ်ပြတ်နေကြတာ။”ဟု နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်ပြီး ဘေးကင်းမှုရှိ၊ မရှိ Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency