ရှင်ကွဲမှ သေကွဲအထိ ပျုစောထီးဖခင်နှင့် သားတော်လှန်ရေးသမား

ရှင်ကွဲမှ သေကွဲအထိ ပျုစောထီးဖခင်နှင့် သားတော်လှန်ရေးသမား

အာဏာရှင်စနစ်ဆန့်ကျင်ရေးခရီးလမ်းတွင် မိသားစုဝင်များ၊ ချစ်သူ၊ ခင်သူများအကြား အမြင်မတူဆန့်ကျင်ဖက် ဖြစ်ရကာ ရှင်ကွဲ ကွဲရခြင်း၊ သေကွဲ ကွဲရခြင်းတို့ရှိသည်ကို မြန်မာ့နွေဦးတော်လှန်ရေးက မီးမောင်းထိုးပြနေသည်။

သား၊ အဖနှစ်ဦးကို ဆန့်ကျင်ဖက်ရန်သူများဖြစ်စေရန် အာဏာရှင်တို့က စွမ်းဆောင်ခဲ့သည့်အပြင် ဖခင်ဖြစ်သူ၏ အသက်ကိုလည်း အာဏာရှင်တို့က ၎င်းတို့အတွက် ခုတုံးလုပ်ရယူသွားခဲ့ပြန်ပြီဖြစ်သည်။

အဖေက ပျူစောထီး၊ သားဖြစ်သူက တော်လှန်ရေးသမားဖြစ်လာကာ ဖခင်ကိုယ်တိုင် သားဖြစ်သူကို ငွေကျပ် သိန်း(၁၀၀)နှင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ယခုတွင် တစ်ဦးနှင့် တစ်ဦး တွေ့ဆုံခွင့်၊ နှုတ်ဆက်စကားပြောခွင့်မရတော့ဘဲ ဖခင်ဖြစ်သူ လူ့လောကမှ ထွက်ခွာသွားရပြီဖြစ်သည်။

ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို တစ်နိုင်ငံလုံး၌ ပြုလုပ်နေချိန်တွင် မကွေးတိုင်း မြိုင်မြို့နယ်ရှိ တွင်းမပျူစောထီးရွာအုပ်စု ကန်အောက်ကျေးရွာ အ.ထ.က ကျောင်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ အသက်(၆၀)အရွယ်ရှိ ပျူစောထီးခေါင်းဆောင် ဦးချစ်လွင် ဗုံးသီးထိမှန် သွားခဲ့သည်။

ထို့နောက် ဦးချစ်လွင်မှာ ချက်ချင်းမသေဘဲ စစ်ဆေးရုံသို့ပိုဆောင်ရန် သယ်ဆောင်လာစဉ် လမ်း၌ ၎င်းကိုယ်တိုင် ဖမ်းဝရမ်းထုတ်ခဲ့သော သားဖြစ်သူ ကိုဆလိုင်းထက်ပိုင်ဖြိုးကို တွေ့ချင်ကြောင်း ပြောဆို၍ ဆုံးပါးသွားခဲ့သည်ဟု ဦးလေးဖြစ်သူက ၎င်းအားပြန်လည်ပြောဆိုသည်။

ဖခင်ဖြစ်သူ သေဆုံးပြီဖြစ်ကြောင်းကို ဦးလေးဖြစ်သူက နံနက်(၄)နာရီတွင် ၎င်းအား ဖုန်းဆက်အကြောင်းကြားလာခဲ့ပြီး သေဆုံးနေသည့် ခန္ဓာကိုယ်ကို နေပြည်တော်သို့ နံနက်(၇)နာရီတွင် သယ်ဆောင်သွားပြီဟုလည်း ကိုဆလိုင်းထက်ပိုင်ဖြိုးက ဆိုသည်။

“စစ်ကြောင့် သေကွဲပါခွဲလိုက်ရတာပါပဲ။ ငိုချင်ပေမဲ့ ငိုဖို့ အားမရှိဘူး။”ဟု အသက်(၂၀)ကျော်အရွယ်ရှိ Local PDF ခေါင်းဆောင် ကိုဆလိုင်းထက်ပိုင်ဖြိုးက ပြောသည်။

ဖခင်ဖြစ်သူ သေဆုံးပြီဖြစ်ကြောင်းကိုလည်း ညောင်းဦးခရိုင်ရုံး၌ တာဝန်ကျနေသော ဒုရဲအုပ်ဖြစ်နေသည့် ကိုဆလိုင်းထက်ပိုင်ဖြိုး၏ အစ်မဖြစ်သူကလည်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ကိုဆလိုင်းထက်ပိုင်ဖြိုးသည် စစ်တပ်ကို တော်လှန်ပုန်ကန်သူဖြစ်လာခြင်းကြောင့် ဖခင်ဖြစ်သူက စကားမပြောတော့သည့် အခြေအနေဖြစ်လာပြီး တပ်မ(၉၉)က ဖိအားပေးခြင်းကြောင့် ၎င်းအား ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ဆိုသည်။

“အဖေကတော့ ရေတပ်ထဲကို ပြန်ဝင်ဖို့ခေါ်တယ်။ ခေါ်မရတော့ ကျွန်တော့်ကိုသတ်ရင် ဆုကြေးထုတ်ပေးမယ်ဆိုပြီးပြောခဲ့တာ။”ဟု ကိုဆလိုင်းထက်ပိုင်ဖြိုးက ပြောသည်။

ဖခင်ဖြစ်သူသည် မြိုင်မြို့နယ် USDP ပါတီ၏ စည်းရုံးရေးများတွင် ပါဝင်လေ့ရှိသူဖြစ်ကာ ပါတီအတွက် ဘာမဆို လုပ်ပေးမည်ဟု မကြာခဏပြောဆိုလေ့ရှိသူလည်းဖြစ်သည့်အပြင် ၎င်းအား စစ်သားတစ်ဦးအဖြစ် မြင်စေချင်ခဲ့သူဟုလည်း ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖခင်ဖြစ်သူနှင့် ညီအစ်ကို မောင်နှမ(၆)ဦး စစ်တပ်ထောက်ခံသူများဖြစ်ကြပြီး (၄)ယောက်မြောက် သားလတ်ဖြစ်သူ ကိုဆလိုင်းထက်ပိုင်ဖြိုးမှာ စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်လိုသဖြင့် ဖခင် ကိုယ်တိုင်ရွေးချယ်ပေးခဲ့သည့် ရေတပ်ဝင်ခွင့်အားငြင်းပယ်၍ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာသည်။

“ရေတပ်ထဲကိုဝင်ဖို့ လျှောက်လွှာတင်ထားတာ။ စာမေးပွဲလည်း ဖြေပြီးပြီ။ ဝင်ဖို့ဆဲဆဲ အာဏာသိမ်းမှု ဖြစ်တာ။ အဲဒါနဲ့ ကျွန်တော်လည်း တော်လှန်ရေးခရီးကို ရွေးချယ်ခဲ့တာ။”ဟု ကိုဆလိုင်းထက်ပိုင်ဖြိုးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ရက်(၂၀)အကြာမှစတင်၍ ဖခင်ဖြစ်သူ သေဆုံးသည့် ယနေ့အချိန်ထိ (၃)နှစ်ကျော်ကြာ နှစ်ဦးကြား စကားအပြန်အလှန်ပြောဆိုခြင်းမရှိခဲ့ဟု ဆိုသည်။

ဖခင်ဖြစ်သူနှင့် ညီအစ်ကို၊ အစ်မတို့သည် စစ်ကောင်စီအတွက် တိုက်ခိုက်ပေးသည့် ပျူစောထီးများ၊ ပြည်သူ့စစ်များနှင့် ရဲတပ်ဖွဲ့ဝင်များဖြစ်လာကာ ကိုဆလိုင်းထက်ပိုင်ဖြိုးမှာ တစ်ကောင်ကြွက်ကဲ့သိုပင် မိသားစုဝင်များ၏ ပြစ်ပယ်ခြင်းကို ခံခဲ့ရသည်။

ကိုဆလိုင်းထက်ပိုင်ဖြိုးက “တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကတော့ ကျွန်တော်ကိုယ်တိုင် အာဏာရှင်ကို မကြိုက်တာလည်းပါတယ်။ နောင်တမရပါဘူး။ အားမရတာလေးပါပဲ။ သူများတွေ မိဘတွေနဲ့ ဖုန်းပြောချိန် ရွာထဲသွားလို့ ကလေးတွေ မိဘရင်ခွင်မှာ နေရတာတွေကအစပေါ့။ ကျွန်တော်လည်းနေချင်တယ်။ ဒါပေမယ့် ဘုရားသခင်က နေခွင့်မပေးဘူး။” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းစဉ်က ကိုဆလိုင်းထက်ပိုင်ဖြိုးသည် စစ်တပ်ကို ဆန့်ကျင်ဆန္ဒခြင်းအား မိသားစုဝင်များက သိရှိခဲ့ကြသော်လည်း လက်နက်ကိုင် ပုန်ကန်လာလိမ့်မည်ဟု မထင်ထားခဲ့ကြောင်း၊ တော်လှန်ရေးထဲဝင်ပါက သတ်ပစ်မည်ဖြစ်ကြောင်း မိသားစုဝင်များက ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ကိုဆလိုင်းထက်ပိုင်ဖြိုးသည် Snipe Rangers Force (Local – PDF) တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး NUG လက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်ကာ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ ပခုက္ကူခရိုင်တို့တွင် မဟာမိတ်တပ်များနှင့်အတူ လှူပ်ရှားကာ စစ်ကောင်စီတပ်ကို တော်လှန်ပုန်ကန်သည့် တပ်ဖွဲ့ဖြစ်သည်။

၎င်းသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလက ချောင်းဦးမြို့နယ်ရှိ ညပုလဲ(ဒေသအခေါ်)စစ်ကောင်စီ တပ်စခန်းကို ဝင်သိမ်းရန်ကြိုးစားကြစဉ် ယမ်းပေါက်ကွဲပြီး မျက်နှာကိုလောင်ကာ ဝဲဘက်မျက်လုံး အလင်းကွယ်ခဲ့ရသည်။

“မျက်လုံးကတော့ မမြင်ရဘူး။ ခွဲစိတ်ဖို့ငွေစုနေတုန်းပဲ။ မျက်လုံး မျက်ကြည်လွှာရော၊ အာရုံကြောပိုင်းဆိုင်ရာတွေပါ လုပ်ရာမှာ။ ခွဲစိတ်ဖို့ အောင်မြင်နိုင်ခြေကတော့ (၂၀)ရာခိုင်နှုန်းပဲရှိတယ်လို့ ဆရာဝန်ကပြောတယ်။”

ဖခင်ဖြစ်သူမှာ တွင်းမကျေးရွာအုပ်စု သိမ်းကုန်းကျေးရွာသားတစ်ဦးဖြစ်ပြီး မိခင်မှာ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်သည်ဟု ဆိုသည်။

“ယုံကြည်ရာကို ရွေးချယ်မိခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ တမလွန်ခရီးမှာ လမ်းခရီးဖြောင့်ဖြူးပြီးတော့ မေမေနဲ့ သွားတွေ့ပါတော့။ မေမေ မရှိတော့တဲ့ ဆယ်စုနှစ်တစ်ခုကျော်မှာ နောက်အိမ်ထောင်မပြုခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”ဟုလည်း ၎င်းက ဖခင်ဖြစ်သူကို နောက်ဆုံးနှုတ်ဆက်စကားဆိုသည်။

ဗမာလူမျိုး မိဘနှစ်ပါးကမွေးသည့် ကိုဆလိုင်းထက်ပိုင်ဖြိုးသည် ချင်းပြည်နယ်တွင် မွေးဖွားခဲ့၍ ဆလိုင်းအမည်တွင်ကာ မိသားစုဝင်များအားလုံး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ၎င်းမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။

“ရှေ့ဆက်ဖို့အတွက် နှောင်ကြိုးတစ်ခုဖြတ်ရသလိုပါပဲ။ ဘုရားသခင် အလိုတော်အတိုင်းပါပဲ။”

#TachileikNewsAgency