ကုန်ဈေးနူန်းများမြင့်တက်နေချိန် စစ်ကောင်စီမှ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဝန်ထမ်းများအား ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေး

ကုန်ဈေးနူန်းများမြင့်တက်နေချိန် စစ်ကောင်စီမှ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဝန်ထမ်းများအား ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေး

ကုန်ဈေးနူန်းများမြင့်တက်နေချိန် အစိုးရဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ၂၀၂၄ခုနှစ် သြဂုတ်လမှ စတင်ပြီး အပိုထောက်ပံ့ကြေး သုံးသောင်းကျပ်စီ ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးအထောက်အကူဖြစ်စေရန် အခါအားလျှော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း စစ်ကောင်စီမှ ဆိုသည်။

“ထောက်ပံကြေးထက် အခြေခံစားသောက်ကုန်တွေ ဈေးတက်မလာအောင် လုပ်ပေးနိုင်ရင် ပိုပြီးအဆင်ပြေမှပါ၊ ကုန်ဈေးနူန်းတွေတက်နေတာက ကျမတို့လို လခစားဝန်ထမ်းတွေအတွက် တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် တော်တော်လေးခက်ခဲလာတယ်” ဟု စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးမှ Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ လက်ရှိလစာအပြင် တစ်လလျှင် အပိုထောက်ပံ့ကြေး (၃၀,၀၀၀)ကျပ် ပေးခဲ့ပြီး ၊ ယခုအခါတွင် လက်ရှိ ထောက်ပံကြေး (၃၀,၀၀၀) ကျပ်အပြင် ထပ်ဆောင်း ထောက်ပံ့ကြေး (၃၀,၀၀၀)ကျပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအတွက် အပိုထောက်ပံကြေးအဖြစ် တစ်ဦးလျှင် တစ်လ သုံးသောင်းကျပ်ကို လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်ပြီး ၊ အဆိုပါ ထောက်ပံကြေးများအား ၂၀၂၄ ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှ စတင်ပြီး ခံစားခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency