နေပြည်တော်မှ အမွေဖြတ်ထားသည့် ရမခ ကျားဖြန့်ကြီးများကို ဖမ်းမိဟု TNLA အထွေထွေအတွင်းရေးမှူး ပြောဆို

နေပြည်တော်မှ အမွေဖြတ်ထားသည့် ရမခ ကျားဖြန့်ကြီးများကို ဖမ်းမိဟု TNLA အထွေထွေအတွင်းရေးမှူး ပြောဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဖမ်းဆီးရမိသည့် တိုင်းမှူးဟောင်းအပါအဝင် (၃)ဦးကို နေပြည်တော်မှ အမွေဖြတ်ထားသည့် ရမဖ ကျားဖြန့်ကြီးများဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“ဖုန်းမက်ဆေ့ဝင်လာတဲ့အသံ…ကြည့်လိုက်တော့ … ဟာ အခုထိ ကျားဖြန့်တရုတ်တွေ ထပ်ဖမ်းမိနေတာပဲ…အဲ့ တရုတ်စာကို Google translate လုပ်ကြည့်လိုက်မိတော့…..အာလလား…နပတ အမွေဖြတ်ထားတဲ့ ရမခ ကျား ဖြန့်ကြီးတွေ ဟေ့”ဟု အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ရေးသားထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရှုံးပြီးနောက် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်အပါအဝင် (၃)ဦးကို လက်ရအရှင် ဖမ်းမိကြောင်း ယမန်နေ့က သတင်း ထွက် ပေါ်လာပြီးနောက် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် တရုတ်စာများနှင့်အတူ MNDAA ဘက်က ထုတ်ပြန်လာသည်ကို တွေ့ရသည်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် စစ်ယူနီဖောင်းဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် ထွက်ပြေးလာစဉ် MNDAA ပူးပေါင်းတပ်များက ဖမ်းဆီးရမိသည်ဟု သိရသည်။

တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

“ဇူလိုင်လ(၃)ရက်နေ့က စတင်တိုက်ခိုက်တယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ ဩဂုတ်လ(၃)ရက်နေ့ မနေ့ညနေပိုင်း(၆)နာရီခွဲအချိန်ထိဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်ထိဆက်သွယ်မှုပြတ် တောက်ခဲ့ပါတယ်၊ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။”ဟု စစ်ကောင်စီတပ်၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့်ပြည့်သူ့ဆက်ဆံရေးတပ်ဖွဲ့  ညွှန်ကြားရေးမှူး  ဗိုလ်ချုပ်ဇော်မင်းထွန်း ဖွင့်ဟဝန်ခံလာသည်။ 

တပ်မ(၉၉)၏ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်သည် ဗိုလ်ချုပ်စိုးတင့် နေရာကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က အစားထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး တိုင်းမှူးဟောင်းဖြစ်သည့် ဗိုလ်ချုပ်စိုးတင့်သည် လက်ရှိရာထူးဖြင့်ပင် လားရှိုး၌ သောင်တင်နေရာမှ နောက်ဆုံးတွင် ထွက်ပြေးရင်း တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။ 

အသစ်အစားထိုးကာ တိုင်းမှူးဖြစ်လာသည့် ဗိုလ်မှူးချုပ် စိုးလှိုင်သည် လားရှိုးသို့ ရောက်ရှိလာခြင်းမရှိဘဲ မူဆယ် တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ 

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ဩဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁၂) နာရီ မိနစ် (၂၀) တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( Myanmar National Democratic Alliance Army - MNDAA) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ထိုးစစ်ဆင်ပြီး တစ်လပြည့်ချိန်တွင် တိုင်းစစ်ဌာနချုပ် အား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တိုင်းစစ်ဌာနချုပ် (၁၄)ခုရှိသည့် အနက် ရမခ(အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)မှာ ပထမ ဆုံး လက်လွှတ်ဆုံးရှုံးရသည့် စစ်ဌာနချုပ် ဖြစ်လာခြင်းဖြစ်သည်။