အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA သိမ်း၊ ‌ဝှေလုံတပ်စခန်းမှ ၁၇ ဦး လက်နက်ချ

အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA သိမ်း၊ ‌ဝှေလုံတပ်စခန်းမှ ၁၇ ဦး လက်နက်ချ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို KIA သိမ်းပိုက်လိုက်ပြီး ‌ဝှေလုံတပ်စခန်းမှ စစ်ကောင်စီတပ်သား (၁၇)ဦး လက်နက်ချအညံ့ခံကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

အင်းတော်ကြီးဒေသရှိ ညောင်ပင်နှင့် ဝှေလုံစခန်းကို ၂၀၂၄ခုနှစ် ဇွန်လ (၂၃)ရက်နေ့ ညပိုင်းတွင် သိမ်းပြီး ချောင်းဝတပ်စခန်းကိုမူ KIAက ယနေ့ ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း သိရသည်။

“မနေ့ညက ညဦးပိုင်းမှာရတာပေါ့။ ‌ဝှေလုံနဲ့ ညောင်ပင်ကိုရတာ။ ဝှေလုံမှာက စစ်ကောင်စီတပ်သား (၁၈)ယောက်ပဲ ရှိတယ်။ (၁၇)ယောက် လက်နက်ချတယ်။ တစ်ယောက်သေတယ်။ လက်နက်ခဲယမ်း အကုန်လုံးရတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား (၁၇)ဦးသည် သက်ဆိုင်ရာရွာလူကြီးများ၏ ညှိနှိုင်းပေးမှုအရ လက်နက်ခဲယမ်းများကို စခန်း၌ထားခဲ့ပြီး အဝတ်တထည်ကိုယ်တခုဖြင့် စခန်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

“အခုမှရှင်းလင်းရေးလုပ်ပြီးသွားတာပါ။ လက်နက်ချတာက သူတို့ထွက်သွားချင်တယ်ဆိုပြီး လှမ်းညှိနှိုင်းတယ်။ ထွက်ချင်ရင် ပစ္စည်းတွေအကုန်လုံးထားခဲ့၊ ခါးဝတ်ခါးစနဲ့ပဲထွက်ဆိုတော့ သူတို့ထွက်သွားတာပေါ့။ ကျွန်တော်တို့ဘက်က ကားစီစဉ်ပေးလိုက်တယ်။ လမ်းမှာလည်း အန္တရာယ်မဖြစ်အောင် အကုန်လုံးစီစဉ်ပေးလိုက်တာ။ လက်နက်ချတာ အတိုကအစ ဘာတခုမှ ယူမသွားဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

တပ်စခန်းအတွင်းမှ ၆၀ မမ၊ MA စီးရီး၊ စနိုက်ပါ စသည့် လက်နက်ခဲယမ်းအားလုံးကို သိမ်းဆည်းရရှိပြီး လက်ရှိတွင် သိမ်းဆည်းပြီးစကာလဖြစ်သဖြင့် မည်မျှရှိသည်ကို အတည်မပြုနိုင်သေးဟု ဆိုသည်။

‌‌ဝှေလုံစခန်းသည် ဟိုပင်-ဂွေခါ သွားလမ်း၌ရှိပြီး ညောင်ပင်စခန်းသည် စစ်ကောင်စီနှင့် ရှမ်းနီတပ် SNA ပူးပေါင်းတပ်စွဲထားသည့် စခန်းဖြစ်သည်။

အင်းတော်ကြီးဒေသရှိ ချောင်းဝပြည်သူ့စစ်စခန်းကို ၂၀၂၂ ခုနှစ်ကလည်း KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက် မီးရှို့ဖျက်ဆီးခဲ့သေးသည်။

#TachileikNewsAgency