ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီတပ် ဝင်စီးကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်သွား

ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီတပ် ဝင်စီးကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး အရပ်သား(၈)ဦး အပါအဝင် ဒေသကာကွယ်ရေးတပ်မှ ရဲဘော်(၃)ဦးနှင့် ရပ်မိရပ်ဖ(၃)ဦးတို့ကို သတ်ဖြတ်သွားကြောင်း သိရ သည်။

ချင်းတွင်းတံတားထိပ် အောင်ဇေယျ စစ်မှုထမ်းဟောင်းရပ်ကွက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား(၁၀၀)ဝန်းကျင်သည် ယနေ့နံနက် (၂)နာရီဝန်းကျင်က (၁)မိုင်သာဝေးသည့် စုန်းချောင်းရွာ တောင်အရပ်ရှိ နေအိမ်တစ်အိမ်၊ မြောက်အရပ်ရှိ‌ နေအိမ်တစ်အိမ်နှင့် အနောက်အရပ်ရှိ စာသင်ကျောင်းစသည့် (၃)နေရာကို တပြိုင်တည်း ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

"အရပ်သားတွေက ‌ရွာအတွင်း သူတို့ရောက်လို့ထွက်ပြေးရင်းမိတာ။အခုက ဖမ်းခေါ်သွားတယ်ထင်တာ လမ်းမှာသတ်ခဲ့တာဗျ။ ညက စောင့်တဲ့ PDF ကလေး(၃)ယောက်ကို အရင်သတ်တာ။ ကျန်တာတွေက ပြန်ရင်းသတ်သွားတာ တစ်နေရာဆီ။ တိုက်ပွဲဖြစ်တာမရှိဘူး။"ဟု စုန်းချောင်းရွာ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

သတ်ဖြတ်ခံရသည့် ရဲဘော်(၃)ဦးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Chindwin Tigerအဖွဲ့မှဖြစ်ပြီး လက်ရှိတွင် ၎င်းတို့(၃)ဦးအလောင်းနှင့် အရပ်သား(၈)ဦးအလောင်းကို ပြန်လည်တွေ့ရှိထားကာ ရပ်မိရပ်ဖ(၃)ဦး အလောင်းများကိုမူ ရှာမတွေ့သေးဟု ဆိုသည်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် PDFရဲဘော်များဟုဆိုကာ သတ်ဖြတ်ထားသည့်ပုံများအား ဝါဒဖြန့်ထားသည့် (၇)ဦးအလောင်းတွင် ရပ်မိရပ်ဖ (၃)ဦးလည်းပါဝင်ပြီး ၎င်းတို့(၃)ဦးအား မည်သည့်နေရာတွင် သတ်ဖြတ်ထားသည်ကိုမူ မသိရသေးဟု ဒေသခံများကပြောသည်။

"ဖမ်းဆီးခံရသူတွေ အကုန်ကိုများ တစ်နေရာဆီသတ်သွားသလားပဲ။ အခုရှာနေတာက သူတို့နေတဲ့ ရပ်ကွက်ဘေးအထိ။ သတင်းအတိအကျဗျ။ အိမ်ကွက်တိကို လာတာ။ တစ်အိမ်မီးရှို့ခံရတယ်။ အခုခွေးတွေကတော့ အကျိုးကန်းကုန်း သူတို့ရပ်ကွက်ဆီပြန်သွားပြီ။ ပြည်သူတွေရွာထဲ မဝင်ရဲသေးဘူး။"ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ ဝင်ရောက်စီးနင်းခံရခြင်းကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ သေနတ်အစစ်(၂)လက်နှင့် လက်လုပ်သေနတ်များ သိမ်းဆည်းခံ လိုက်ရသည်ဟု ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ AKသေနတ်တစ်လက်၊ M-22သေနတ် တစ်လက်၊ လက်လုပ် တစ်တောင့်ထိုးသေနတ်(၉)လက်၊ ကျည်မျိုးစုံ(၄၃၆)တောင့်၊ AK ကျည်အိမ်(၂)ခု၊ M-22 ကျည်အိမ်(၂)ခု၊ လက်လုပ်လက်ပစ်ဗုံး (၁၇)လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး(၁၀) လုံး၊ လက်လုပ်မိုင်း(၁၀)လုံး၊ ယမ်းကြိုး(၃)ခွေနှင့် ယမ်းမှုန့် (၂)ပိဿာ သိမ်းဆည်းရရှိခဲ့သည်ဟု ဝါဒဖြန့်ချီထားသည်။

စုန်းချောင်းရွာသည် တောင်ရွာ၊ အနောက်ရွာ၊ မြောက်ရွာဟု အပိုင်းခွဲထားပြီး အိမ်ခြေ(၁၀၀၀)ကျော်ရှိကာ လက်ရှိတွင် ၎င်းရွာအပြင် အနီးရှိ ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးနေကြရသည်ဟု သိရသည်။

အဆိုပါ စုန်းချောင်းရွာသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ် မြတ်သက်ဦး၏ ဇာတိရွာဖြစ်သည်ဟု ဒေသခံများက အတည်ပြုသည်။

၎င်းဗိုလ်ချုပ်ဟောင်း မြသက်ဦး၏ စုန်းချောင်းရွာရှိနေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလက စစ်ကြောင်းဖြင့် ဝိုင်းကာ ဗိုလ်ချုပ် မြတ်သက်ဦး၏ မိသားစုဝင်အားလုံးကို ဖမ်းဆီးခဲ့ပြီး‌နောက် မြသက်ဦးကိုလည်း လာအိုသံအမတ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

#TachileikNewsAgency

Photo :သတ်ဖြတ်ခံထားရသည့် ရပ်မိရပ်ဖနှင့် ဒေသခံများ