ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆီဆိုင်မြို့နယ်၊ တောင် (အရှေ့)ကျေးရွာအုပ်စု၊ နောင်ထောဝ်ကျေးရွာ ရဲစခန်းနှင့် ဓမ္မာရုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု PNLA ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ညနေပိုင်းတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းဖြစ် ပြီး နောင်ထောဝ်ရဲစခန်းနှင့် ကျေးရွာဓမ္မာရုံတို့ပျက်စီးသည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်ကလည်း နောင်ထောင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင် ပြည်သူ(၂)ဦး သေဆုံးပြီး နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။
ဆီဆိုင်မြို့နယ်အတွင်း ယခုရက်ပိုင်းအနေဖြင့် ဇန်နဝါရီလ(၁၂)ရက်နေ့ကလည်း စစ်ကောင်စီတပ် အပါအဝင် ၎င်းတို့၏ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ ပူး ပေါင်းစစ်ကြောင်းနှင့် PNLA ဆီဆိုင်မြို့နယ်အတွင်း ထီစုံကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးတစ်ဦး အပါအဝင် (၂၀)ဦးထက် မနည်းသေကာ PNLA တပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး (၅)ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နှင့် ဖမ်းဆီးခံရသည့် PNLA တပ်ဖွဲ့ဝင် (၅)ဦးကို PNO ဘက်က ညှင်းပမ်း နှိပ်စက် သတ်ဖြတ်လိုက်ကြောင်း သိရသည်။
Photo: PNLA