ရခိုင်ပြည်နယ်အတွင်း မြောက်ဦးမြို့တွင် ULA/AA ၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန(DLEPS) တပ်ဖွဲ့ဝင်များက တရားမဝင် ပြင်ပအရက်၊ ဘီယာများအား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ကြောင်း သိရသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် - United League of Arakan/Arakan Army(ULA/AA)၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS)က ပြည်ပ အရက်၊ ဘီယာ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသော ဆိုင်များနှင့် စားသောက်ဆိုင်များကို လိုက်လံရှာဖွေစစ်ဆေးနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ပြင်ပအရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှကို တင်သွင်းရောင်းချခြင်း မပြု လုပ်ကြရန်နှင့် တင်သွင်းထားပြီးဖြစ်သော ပြင်ပအရက်၊ ဘီယာ၊ ဝိုင်နှင့် ယစ်မျိုးကုန်များကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ(၁၉)ရက်နေ့မှစ၍ (၃)လအတွင်းကုန်အောင် အပြီးရောင်းချကြရန် ULA/AA ဘက်က အသိပေးကြေညာထားရှိသည်။
အာရက္ခတပ်တော် (Arakan Army-AA)သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် သိမ်းပိုက်ရန် ကျန်ရှိသည့် မြို့နယ်များကို ဆက်လက် အပြင်းအထန်တိုက်ခိုက်နေသလို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည့် မြို့၊ ရွာများတွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan-ULA)က လုပ် ဆောင်နေသည်ဟု သိရသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်နှင့် မြို့ပေါင်း(၁၉)မြို့နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ ရခိုင်နှင့် တိုင်းနယ်စပ်များ၌ စစ်ကောင်စီနှင့် တိုက်ပွဲများဆက် လက်ဖြစ်ပွားနေသည်။