ကန့်ဘလူမြို့နယ်တွင် ပျူစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသလို တိုက်ပွဲအတွင်း  စစ်အုပ်စုဘက်က စစ်ဗိုလ် အပါအ၀င် (၈)ဦး သေသွား

ကန့်ဘလူမြို့နယ်တွင် ပျူစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသလို တိုက်ပွဲအတွင်း  စစ်အုပ်စုဘက်က စစ်ဗိုလ် အပါအ၀င် (၈)ဦး သေသွား
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စိန့်နားကျေးရွာရှိ၊ ပျူစောထီးနှင့် အာဏာသိမ်းစစ်အုပ်စု၏ အထိုင်ချစခန်းကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၉)ရက်နေ့၏  ည (၁၂)နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Taze Revolution Force က သတင်းထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကန့်ဘလူမြို့နယ် တင့်ကားတပ်ရင်း(၆၀၀၆) မှ ကျော်ဇင်သက်ဆိုသူ စစ်ဗိုလ်တစ်ဦး အပါအဝင် (၈)ဦးသေဆုံးခဲ့သည်ဟု သိရသည်။

၎င်းစစ်ဗိုလ်သည် ဒေသတွင်းကျေးရွာများရှိ ပျူစောထီးများကို ဦးဆောင်နေသည့်သင်တန်း ဆရာဖြစ်ပြီး သင်္ကန်းဝတ် ဦးဝါသ၀၏ ပျူစောထီးပြန့်ပွားရေးလုပ်ငန်းစဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါ၀င်နေသူဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

“ဝါသ၀၏ တပည့်များ စီမံအုပ်ချုပ်နေသော စိန့်နားကျေးရွာ ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ စခန်းတစ်ခုလုံးအားသိမ်းပိုက်နိုင်ခဲ့ပြီး၊ ရန်သူ့ဘက်မှ စခအရာရှိ သင်တန်းဆရာတစ်ဦး၊ သူ၏သက်တော် စောင့် တစ်ဦး၊ ပျူ (၆)ကောင်သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာများနှင့်ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိပါသည်” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များဘက်က အထိအခိုက်အပျောက်အရှ မရှိဆုတ်ခွါလာနိုင်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု၏ MA1 တစ်လက် ကျည်ဘောက်သုံးခု၊ ကာဘိုင်တစ်လက် ကျည်ဘောက်လေးခုနှင့် ကျည်ဆန်အများအပြား၊ ဆက်သွယ်ရေးစက် တစ်လုံးနှင့် ဖုန်းတစ်လုံးသိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သိမ်းပိုက်ခံရသည့် စခန်းသည် ကန့်ဘလူနယ် ပျူစောထီးခေါင်းဆောင် ဦးဝါသ၀ လက်အောက်ခံ စခန်းတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင် TRF(Taze Revolution Force) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)ကန့်ဘလူခရိုင်တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ဓာတ်ပုံ - TRF