စစ်ကိုင်းတိုင်း ဟန်လင်းပျူမြို့ဟောင်းရှိ စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့က တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြီး (၂၀)ဝန်းကျင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပူးပေါင်းတပ်စွဲထားသည့်နေရာကို ဇူလိုင်လ (၁၇)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦး သေဆုံးကာ အများအပြားကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း Generation Z Power (Mandalay)က ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိသည့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဘက်က ရဲဘော်(၂)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်သည် ရွှေဘိုမှ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းမှပါ ရောက်လာပြီး ကျေးရွာများကို လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုကို Generation Z Power(Mandalay)၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ် ပကဖ၊ ပုသိမ်ကြီး ပကဖ၊ မန္တလေးခရိုင် တပ်ရင်း(၃)၊ မန္တလေးခရိုင် တပ်ရင်း(၄)၊ မန္တလေးခရိုင် တပ်ရင်း(၅)နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo : Generation Z Power (Mandalay)