ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာရှေ့တန်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာရှေ့တန်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်
စက်တင်ဘာ 1, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကုန်းမြင့်သာယာရှေ့တန်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရမိကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာရှေ့တန်းစခန်းကို ဩဂုတ်လ (၃၁) ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးတပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် (၁၁) နာရီခန့်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများနှင့် ဆန်အိတ်ပေါင်း (၄၀၀)ကျော် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ  (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချတပ်စွဲရာ ဘောကထာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးပြီး ကုန်မြင့်သာယာရွာတွင် ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန်တွင် တော်လှန်ပူးပေါင်းတပ်ဖွဲ့များမှ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ KNLA တပ်ရင်း (၉)၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ