မြို့လှတပ်ရင်း နယ်မြေအတွင်း စစ်သင်္ဘောများတွင်ပတ်သက်၍ မြို့လှ PDF က သတိပေးစာထုတ်

မြို့လှတပ်ရင်း နယ်မြေအတွင်း စစ်သင်္ဘောများတွင်ပတ်သက်၍ မြို့လှ PDF က သတိပေးစာထုတ်

 

အာဏာသိမ်း စစ်ကောင်စီ၏ စစ်သင်္ဘောများတွင် သင်္ဘောဆိုင်ရာ ဝန်ထမ်းများ လိုက်ပါ ဆောင်ရွက်ခြင်း၊ ခရီးသွားပြည်သူများ လိုက်ပါစီးနှင်းခြင်း မပြုရန် မြောက်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြို့လှတပ်ရင်းက ယနေ့ မတ်လ(၁၁)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ကချင်ပြည်နယ်၊ မြို့လှတပ်ရင်းပိုင်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီသည် ဧရာဝတီမြစ်ကြောင်း၌ စစ်သင်္ဘောများဖြင့် စုန်ဆန်သွားလာကာ စစ်သည်အင်အား၊ ရိက္ခာများဖြည့်တင်းခြင်းနှင့် ဓာတုလက်နက်ခဲယမ်းများ သယ်ဆောင်ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိသဖြင့် မြစ်ကြောင်းတလျှောက်ရှိ PDF များနှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် စာထုတ်ကာ အသိပေး ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် အရပ်ဖက်သင်္ဘောမောင်းနှင်သူနှင့် ရေကြောင်းပြများအနေဖြင့် သင်္ဘောထွက်ခွာရာသို့ လိုက်ပါမောင်းနှင် ဆောင်ရွက်ပေးခြင်း၊ ၎င်းသင်္ဘောများနှင့် အနီးကပ်သွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြရန်ပါရှိသည်။

ဒါ့အပြင် ဒေသခံခရီးသွား ပြည်သူများအနေဖြင့် ၎င်းသင်္ဘောများတွင် စီးနှင်းလိုက်ပါခြင်း၊ အနီးကပ်သွားလာ နေထိုင်ခြင်းများ မပြုကြရန်နှင့် စစ်သင်္ဘောသတင်းများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ၍ သတိဖြင့်နေထိုင်ကြရန် အသိပေးထားသည်။

 

အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိခိုက်မှုနှင့် အသက်အန္တရာယ် တစုံတရာဖြစ်ပေါ်လာပါက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။