အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့အလှူငွေဖြင့် ဘုရားတည်ပြီး ဝင်ကြေး ကောက်စား

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့အလှူငွေဖြင့် ဘုရားတည်ပြီး ဝင်ကြေး ကောက်စား

 အာဏာသိမ်းစစ်ကောင်က နိုင်ငံ့အာဏာကိုသိမ်းလိုက်ပြီး သိပ်မကြာမီတွင်  အများပြည်သူထံ အလှူခံပြီး ပြည်သူ့ငွေများဖြင့် တည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားနှင့် ပတ်သက်ပြီး ဘုရားဖူးခ ဝင်ကြေး နှင့် ဖုန်းကင်မရာကြေးများ အပါအဝင် သတ်မှတ် ဝင်ကြေးများကို  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့်  ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့က စပြီး ပေးဆာင်ရတော့မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ(၁၅)ရက်နေ့တွင်  ကြေညာလာသည်ကို တွေ့ရသည်။



ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ်(၁,၀၀၀)၊ အပျော်တန်းရိုက်ကင်မရာများဖြစ်သည့် ဖုန်းကင်မရာများအတွက် ကျပ်(၅,၀၀၀)ပေးဆောင်ရမည်ဖြစ်ပြီး အလှဓါတ်ပုံရိုက်သည့် ရိုက်ကူးရေးလုပ်ကိုင်သူများအနေဖြင့် ကျပ်(၅၀,၀၀၀)ပေးဆောင်ရန် သတ်မှတ်ထားသည့်အပြင် သတ်မှတ် အချိန်ထက် ပိုသွားပါက ကျပ်(၅,၀၀၀) ထပ်မံ ပေးဆောင်ရန် သတ်မှတ်ထားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားဆင်းတု ဝတ္တကမြေ ဧရိယာအတွင်း ဝင်ရောက်သည့် ယာဉ်ဝင်ခွင့် အတွက် တစ်စီးလျှင် ကျပ်(၂၀,၀၀၀) နှင့် Buggy (၁)စီးလျှင် ကျပ်(၁၀,၀၀၀) ကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားခြင်း ဖြစ်သည်။

နိုင်ငံခြားသားများအနေဖြင့် ဝင်ကြေးကို တစ်ဦးလျှင် အမေရိကန် ဒေါ်လာ (၁၀)ဒေါ်လာ ပေးဆောင်ရမည်ဟုလည်း သတ်မှတ်ထားသည်။

အဆိုပါ သတ်မှတ် ဝင်ကြေးများကို မကောက်ခံမီ ဩဂုတ်လ(၁၉)ရက်နေ့အထိ အခမဲ့ ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ကြေညာထားရှိသည်။