ဖာပွန်မြို့အား စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး

ဖာပွန်မြို့အား စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး
အောက်တိုဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

KNU တပ်မဟာ(၅) ဒေသ မူတြော်ခရိုင် ဖာပွန်မြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံးကြောင်း KNU- Mutraw News မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီမှ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဖာပွန်မြို့ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၂) အတွင်းသို့ ဗုံးသီး (၁၀) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်မြို့ အိမ်ယာဟောင်းအနီးအနားတွင် ဟင်းသီးဟင်းရွက်များ ခူးပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦး လေယာဉ်ဗုံးစထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

မူတြော်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအနေဖြင့် တိုက်ပွဲများအတွင်း ပစ်ကူပေးရန်နှင့် ရိက္ခာပို့ဆောင်ရန်အတွက် လေကြောင်းတစ်ခုတည်းကိုသာ အားကိုးနေရကြောင်း KNU ဗဟိုမှ အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်အတွင်း ဒေသခံ (၈၈,၈၉၇) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

#TachileikNewsAgency

Photo: KNU-Mutraw News