မူဆယ်တွင် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ကျင်းပမည်

မူဆယ်တွင် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ကျင်းပမည်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအနေဖြင့် ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ ထုတ်ပြန်သည်။

ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမား (၁၂) ဦးနှင့် အရပ်သား (၁၀၀၀) ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထို့အပြင် တရုတ်-မြန်မာ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသား လူမျိုး (၅)ခု စသည့် လူပေါင်း (၁၂၀၀) ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ ဖွဲ့စည်းကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမွေဆက်ခံသူမှ ဦးဆောင်၍ မြန်မာ အဆိုအက၊ တိုင်းရင်းသားအဆိုအက ဖျော်ဖြေတင်ဆက်မှုများ ပြေးလမ်းတလျှောက် နေရာ (၃၅)ခုတွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

ပြိုင်ပွဲအတွက် ဆုတံဆိပ်ဒီဇိုင်းကို စကားဖြူပန်း၊ တရုတ်-မြန်မာနန်းတော် နယ်စပ်ဂိတ် စသည့် အမှတ်သင်္ကေတများဖြင့် ပြုလုပ်ထားပြီး “တစ်မြစ်တွင်းရေ အတူသောက်သုံးသော တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်” အကြောင်းအရာ ခေါင်းစဉ်ကို ပေါ်လွင်စေကြောင်း တရုတ်သံရုံးက ဆိုသည်။

မြန်မာပြည်အနှံ့တွင် စစ်ကောင်စီကြောင့် အရပ်သား ပြည်သူများ နေ့စဉ်ထိခိုက် သေဆုံးနေရပြီး ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်စပ်ဂိတ်များ ပိတ်ပင်ထားသဖြင့် ဒေသခံ တိုင်းရင်းသားများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရစဉ် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဟုဆိုကာ နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် ရှိသည့် မူဆယ်မြို့တွင် နိုင်ငံဖြတ်ကျော် မာရသွန်ပြေးပွဲ ပြုလုပ်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်အောက်တွင်ရှိသည့် ကျင်စန်းကျော့ ၊ ချင်းရွှေဟော် ၊ လောက်ကိုင် ၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကို တရုတ်နိုင်ငံဘက်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့က စတင်ပြီး ပိတ်ပင်ထားသည်။

#TachileikNewsAgency

Photo: Chinese Embassy in Myanmar