ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့တို့က ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့ (၉) နာရီဝန်းကျင်မှစ၍ မြို့တွင်းလမ်းများ၌ လူနှင့်မော်တော်ယာဉ်များအား တားဆီးရှာဖွေမှုများ ပြုလုပ်နေပြီး ည (၁၀) နာရီကျော်တွင် ပစ်ခတ်သံကြားနေရကြောင်း သိရသည်။
ပင်လုံလမ်းမကြီး တစ်လျှောက်ရှိ လမ်းဆုံလေးခွနေရာများနှင့် ရထားသံလမ်းကူးနေရာများ အပါအဝင် နေရာအတော်များများ၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေပြီး ဖြတ်သန်းသွားလာသူများကို တားမြစ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် မြို့တွင်း၌လည်း စစ်ကားများဖြင့် လှည့်ပတ်နေပြီး ည (၁၀) နာရီဝန်းကျင်အထိ မြို့တော်ခန်းမအနီး၊ (၆) ကွက် သံလမ်းကူးနေရာအနီး၊ (၂) ရပ်ကွက် ရေဦးကျောင်းအနီးနှင့် လမ်းဆုံလမ်းခွနေရာများ၌လည်း စောင့်ဆိုင်းစစ်ဆေးမှုများ လုပ်နေသည်ဟု သိရသည်။
ကျောက်မဲမြို့တွင် ညစဉ်ညတိုင်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက မြို့တွင်းလှည့်ပတ်ရှာဖွေမှုများ လုပ်နေခြင်းဖြစ်သည်။