ကချင်ပြည်နယ် ပူတာအိုမြို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ဓာတ်ဆီ ၁ လီတာကို အနည်းဆုံး ကျပ်ငါးသောင်းကျော် ပေးဝယ်ရပြီး လိုသလောက် ဝယ်ယူ၍လည်း မရကြောင်း ဒေသခံများထံမှ သိရသည်။
"ဓာတ်ဆီ ၁လီတာ တစ်ပုလင်းကို အနည်းဆုံး ၅၅၀၀၀ ပေးဝယ်ရတယ်၊ တချို့နေရာတွေမှာက တစ်ပုလင်း ၈သောင်းကျော်အထိ ပေးရတယ်။ ဒါတောင် လိုချင်သလောက်ဝယ်မရဘူး" ဟု ပူတာအိုဒေသခံ တစ်ဦးက Tachileik News Agencyကို ပြောသည်။
မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်း ပိတ်ပြီးနောက် ပူတာအို မြို့ပေါ်တွင် လက်ရှိ ဓာတ်ဆီ ဂါလံ (၅၀)ပါ တစ်ပေပါကို သိန်းရာကျော်အထိ ပေါက်ဈေးရှိနေပြီး ညအချိန်မှသာ မှောင်ခိုရောင်းဝယ်နေကြရကြောင်း ၎င်းမှဆိုသည်။
“ဆန်ဆိုတာကလည်း တစ်အိတ်ကို ၃၂၀,၀၀၀ ကျပ်ဖြစ်ပြီး ဝယ်လို့ မရလို့ ဝမ်းရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ စားသုံးဆီကလည်း ဈေး အဆမတန်မြင့်ပြီး ဆားဆိုရင်လည်း အရင်က တစ်ထောင်ဖိုး ၃ထုပ်၊ ခုဆို တစ်ထုပ်ကို နှစ်ထောင်ကျပ်တဲ့။ ဒါတောင် ဝယ်မရတဲ့ အခက်အခဲလေးတွေ ရှိပါတယ်။”ဟု ပူတာအိုဒေသခံတစ်ဦးမှ ပြောသည်။
ပူတာအိုတွင် တောင်သူလယ်သမားများအတွက်မူ ဒီဇယ်ကို လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးပြီး သက်သာသည့် ဈေးနှင့် ရောင်းချပေးနေသော်လည်း ကန့်သတ်ချက်ဖြင့်သာ ရောင်းချပေးနိုင်သဖြင့် လုံလောက်မှုမရှိကြောင်းသိရသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည့် မတ်လ (၁၀) ရက်နေ့ကစတင်ပြီး မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများမှ ပိတ်ဆို့ခဲ့ကာ အချိန် (၂)လခွဲခန့်ကြာမြင့်လာသည်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ကုန်စည်များ ရှားပါးလာခြင်းဖြစ်သည်။
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင် လုံခြုံရေးယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပူတာအိုမြို့အတွက် အဓိကအရေးကြီးလိုအပ်နေသည့် ဆန်၊ ဆီ၊ ဆားနှင့် ဓါတ်ဆီသယ်ဆောင်သည့် ကုန်တင်ကားများကို ရက်အကန့်အသတ်ဖြင့် ယာယီ ဖြတ်သန်း သွားလာခွင့်ပေးရန် ဒေသခံများမှ မျှော်လင့်နေသည်။
#TachileikNewsAgency