ဒိုက်ဦးအကျဉ်းထောင်တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရထားသည့် နိုင်ငံရေးအကျဉ်းသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ

ဒိုက်ဦးအကျဉ်းထောင်တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရထားသည့် နိုင်ငံရေးအကျဉ်းသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသူ (၅)ဦးနှင့်အထက် ပြင်းထန်ဒဏ်ရာများရရှိပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကာ လုံလောက်သည့် ဆေးဝါးကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်  (PPNM) မှ ၂၀၂၄ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးကို တန်းပိတ်ချိန်၌ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ကြားတွင် ဖိအားပေး သံပြားကာခိုင်းရာ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရာမှ နိုင်ငံရေးအကျဉ်းသူ၊ သားများ အပါအဝင် အကျဉ်းသား စုစု‌ပေါင်း (၁၆၀)ကျော်အား စစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဌာနမှ အင်အားသုံး ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဒိုက်ဦးအကျဉ်းထောင်သို့ပြောင်းရွှေ့လာရသည့် အကျဉ်းသူ၊ အကျဉ်းသားများတွင် မူးယစ်ဆေးဝါးများပါလာသည်ဟု လုပ်ကြံစွပ်စွဲကာ မူးယစ်အမှုများဖြင့် ထပ်တိုးတရားစွဲဆိုရန် အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံရေးအကျဉ်းသူများ၏ အသုံးအဆောင်နှင့်အဝတ်အစားများထဲမှ တချို့တစ်ဝက်ကိုသာပေးပြီး သိမ်းဆည်းသွားခဲ့ကြောင်း PPNM ကဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ(၁၅)ရက်နေ့ ထောင်တန်းပိတ်ချိန်တွင် နိုင်ငံရေးအကျဉ်းသူများမှ အသုံးအဆောင်ပစ္စည်းများ ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြရာတွင် အကျဉ်းထောင် ဝန်ထမ်းများမှ မကြားဝံ့မနာသာသော စော်ကားသည့် စကားလုံးများဖြင့်  အော်ဟစ်ဆဲဆိုကာ အမျိုးသမီးဆောင်ကို သေနတ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ လေးဂွနှင့် အုတ်ခဲများကိုင်ဆောင်ကာ အင်အားသုံး ဝိုင်းပစ်ခြင်းတို့ဖြင့် အကြမ်းဖက်မှုများကျူးလွန်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသူ (၅)ဦးနှင့်အထက် အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကာ အကြမ်းဖက်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ဇွန်လ (၁၅)ရက်မှ စတင်၍ နိုင်ငံရေးအကျဉ်းသူ (၃၀)ကျော်သည် ယခုအချိန်ထိ ထိရောက်သည့် ဆေးဝါးကုသခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ လုံးဝမရရှိဘဲ တိုက်ပိတ်ခြင်းခံထားရကြောင်း သိရှိရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူများအပေါ် ထောင်ဝန်ထမ်းအမျိုးသားများမှ ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ဖိနှိပ်နေမှုများသည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး အဆိုးဝါးဆုံးနှင့်အပြင်းထန်ဆုံး ချိုးဖောက်နေမှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပြီး လူသားတစ်ဦး၏ အခြေခံအခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ခွင့်(Right to Life)ပင် အာမခံချက်မရှိတော့သည့်အပြင် ညှဉ်းပန်းမှုမှ ကင်းလွတ်ခွင့် (Freedom from Torture)လည်း လုံးဝ ဆုံးရှုံးလျက်ရှိနေကြောင်း PPNM မှ ဆိုသည်။

တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများအတွက် ထောင်ဝင်စာပါဆယ်များကိုလက်ခံရန်နှင့် ထောင်ဝင်စာဧည့်တွေ့ခွင့် စီစဉ်ဆောင်ရွက်ပေးရန် ၊ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများအား ခြွင်းချက်မရှိ တိုက်ထဲမှ ထုတ်ပေးရန်နှင့် ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရန် PPNM ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့အစည်း (၈)ခုမှလည်း ပူးတွဲသတိပေးချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနအနေဖြင့် အဆိုပါတောင်းဆိုချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သက်ဆိုင်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ အားလုံးနှင့်ချိတ်ဆက်ကာ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo: Political Prisoners Network - Myanmar