အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းမှု ရပ်ဆိုင်းလိုက်သော်လည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရေး ဆက်လက်လုပ်ဆောင်မည်ဟု Federal Wings ဒရုန်းတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။
Federal Wings ဒရုန်းတပ်ဖွဲ့နှင့် NUG ၏ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းမှုကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ကစတင်၍ နှစ်ဖက်သဘောတူ ရပ်ဆိုင်းသည်ဟု အသိပေးထားသည်။
“Federal Wings အနေဖြင့် တော်လှန်ရေးတွင် ပိုမိုအာရုံစိုက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တော်လှန်ခရီးအား မိမိတို့နိုင်ရာလမ်းကြောင်းများမှ သီးခြားလျှောက်လှမ်းရန် မတတ်သာဘဲ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။”ဟု Federal Wings က အသိပေးသည်။
ထိုသို့ ပူးပေါင်းမှုရပ်ဆိုင်းသော်လည်း စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
Federal Wings ဒရုန်းတပ်ဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌ စတင်ပြီး အဆိုပါနှစ် စက်တင်ဘာလ(၄)ရက်နေ့တွင် တရားဝင်အမည်ပေးဖွဲ့စည်းခဲ့သည်။
အဆိုပါ ကာလများနှင့် Public Fundraising Program များ မစတင်မီကာလများ၌ Federal Wings ၏ တော်လှန်ရေးလုပ်ငန်းများအား Federal Wings ၏ ကိုယ်ပိုင်ငွေများဖြင့်သာ အသုံးပြုသည်ဟု ဆိုသည်။
တော်လှန်ရေးလုပ်ငန်းများကို ပိုမိုအားဖြည့်ပေးနိုင်ရန်အတွက် Federal Wings နှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ တရားဝင်ချိတ်ဆက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှစတင်၍ ရန်ပုံငွေ ကိစ္စရပ်များ၊ ဘဏ်အကောင့်များ၊ ငွေစာရင်းများ၊ Fundraising Project ကိစ္စရပ်များ၊ ပစ္စည်းဝယ်ယူရေးနှင့် Web Portal ပိုင်းဆိုင်ရာများပါဝင်သည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို ဝန်ကြီးဌာနဘက်က တာဝန်ယူခဲ့သည်ဟု ဆိုသည်။
ဝန်ကြီးဌာနသည် ရန်ပုံငွေကောက်ခံရရှိမှုစာရင်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အထိသာ ရှင်းလင်းထုတ်ပြန်နိုင်ခဲ့ပြီး နောက်ပိုင်း စာရင်းထပ်မံထုတ်ပြန်နိုင်ခဲ့ခြင်းမရှိဟုလည်း ဆိုသည်။
ထို့ကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်၍ ငွေစာရင်းထုတ်ပြန်ဖြေရှင်းပေးရန် Federal Wings က ဝန်ကြီးဌာနဘက်သို့တောင်းဆိုသော်လည်း ဖြေရှင်းပေးနိုင်ခြင်းမရှိသေးဟု သိရသည်။
ဘဏ္ဍာငွေစီမံမှုနှင့် အချို့သောအဖွဲ့သစ်ချိတ်ဆက်မှုများအား Federal Wings ဖက်မှ သိရှိရခြင်းမရှိသဖြင့် ဒရုန်းဖြန့်ဝေခြင်းဆိုင်ရာကိစ္စများအား အစီအစဉ်တကျ ပြုလုပ်နိုင်ခြင်းမရှိဘဲ အခက်အခဲများကြုံတွေ့ရသည်ဟု ဆိုသည်။
1801 (Federal Wings) တပ်ရင်းအတွက် တပ်ရင်းမှူးဖြစ်လာခဲ့သူမှာလည်း Federal Wings မှ အတွေ့အကြုံရှိသူများထဲမှမဟုတ်ဘဲ အဆိုပါတပ်ရင်းမှူးသည် တပ်ဖွဲ့ပိုင် Sniper Rifle နှင့် Assault Rifle အမျိုးစုံ အလက် ၂ဝ ကျော်အား စာရင်းတင်ပြနိုင်ခြင်းမရှိဘဲ အလွဲသုံးစားလုပ်သည်ဟုယူဆရသည့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဒရုန်းများအပ်နှံအပြီး တစ်နှစ်ခန့်ကြာချိန်အထိ စစ်ဆင်ရေးများပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ တာဝန်လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဝန်ကြီးဌာနဘက်က ဖြေရှင်းအရေးယူပေးနိုင်ရန် တောင်းဆိုခဲ့သော်လည်း (၇)လ ကျော်ကြာသည်အထိ အရေးယူခြင်းမရှိဟု ဆိုသည်။
၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့က စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အား ဝန်ကြီးဌာန၏ ချိတ်ဆက်မှုဖြင့် Federal Wings မှ နည်းပညာနှင့် ပစ္စည်းများပေးပို့ထားသော တပ်ဖွဲ့တစ်ခုမှ ပြည်သူများသွားလာချိန်တွင် ဗုံးသီးချတိုက်ခိုက်ခဲ့မှုအပေါ် Federal Wings ဘက်ကကန့်ကွက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုသည် Federal Wings ၏ Code of Conduct နှင့် စစ်စည်းကမ်းများအား ချိုးဖောက်ခြင်း ဖြစ်သဖြင့် လုပ်ဆောင်ခဲ့သော သက်ဆိုင်ရာတပ်ဖွဲ့အား ပြင်းထန်စွာသတိပေးစေလိုကြောင်းနှင့် စစ်ရေးပစ်မှတ် အစစ်အမှန်များကိုသာ စစ်ဆင်ရေးပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ထို့အပြင် အဆိုပါကိစ္စရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိစေလိုကြောင်းနှင့် ထိုသို့သောကိစ္စရပ်များ ထပ်မံဖြစ်ပွားပါက Federal Wings ၏ နည်းပညာထောက်ပို့မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဝန်ကြီးဌာနဘက်သို့ အသိပေး ပြောကြားထားသော်လည်း တာဝန်ရှိသူများမှ သတိပေးမှုများပြုလုပ်ရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
ဝန်ကြီးဌာနနှင့် Federal Wings တပ်ဖွဲ့တို့အကြား သဘောထားကွဲလွဲမှုများကြောင့် တော်လှန်ရေးတွင် သီးခြားလျှောက်လှမ်းရန် နိုဝင်ဘာလ(၆)ရက်နေ့တွင် နှစ်ဖက်အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြသော်လည်း ဝန်ကြီးဌာန၏ ဒရုန်းတပ်ဖွဲ့များအတွက် Federal Wings မှ နည်းပညာအကူအညီများ ဆက်လက်ပေးမည်ဟု သိရသည်။
ဝန်ကြီးဌာနဘက်ကလည်း ငွေစာရင်းရှင်းတမ်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သဘောတူသည်ဟု သိရသည်။
#TachileikNewsAgency
Photo: Federal Wings (ပုံဟောင်း)