KNU နယ်မြေတွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သား (၂၀၀)ကျော်သေကာ KNLA နှင့် KNDO တို့ဘက်က (၉)ဦး ကျဆုံးခဲ့ရ

KNU နယ်မြေတွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သား (၂၀၀)ကျော်သေကာ KNLA နှင့် KNDO တို့ဘက်က (၉)ဦး ကျဆုံးခဲ့ရ

 ကရင်အမျိုးသားအစည်းအရုံး( 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 - KNU)၏ အုပ်ချုပ်နယ်မြေ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတစ်လအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် တိုက်ပွဲပေါင်း (၃၀၆)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားနှင့် BGF တပ်သား  (၂၁၇)ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ လ(၇)တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တပ်ဖွဲ့များဘက်မှ ရဲဘော် (၉)ဦးကျဆုံးခဲ့ရပြီး (၂၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၁)အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF)တပ်များက ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့  လက်နက်ကြီး အလုံး(၆၀) ကျော် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် (၁၄)လုံးနှင့် စပါးကျီ (၄)လုံး ထိခိုက်ပျက်စီးခဲ့ရပြီး အသက် (၁၃)နှစ်အရွယ် မိန်းကလေး (၁)ဦး အပါအဝင် (၅)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၂)အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များက ကျေးရွားများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် (၁)လုံး ပျက်စီးခဲ့ရပြီး ဒေသခံ(၁)ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံး(၃)လုံးကြဲချခံခဲ့ရကြောင်း သိရသည်။

KNU တပ်မဟာ (၃)အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့  လက် နက်ကြီးများနီင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် (၃)လုံး ပျက်စီးခဲ့ရပြီး အသက် (၇)နှစ်အရွယ် မိန်းကလေး (၁)ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရကာ အသက် (၁၀)နှစ်အရွယ် မိန်းကလေး (၁)ဦး၊ (၁၅)နှစ်အရွယ် ယောကျ်ားလေး (၁)ဦး နှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၃) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လေယာဉ်(၅)စင်း၊ တိုက်ခိုက်ရေး Drone (၂)စင်း တို့ဖြင့် နေရာ (၃)နေရာအား ဗုံး (၈)လုံး ခန့်ကြဲချခဲ့ပြီး နေအိမ် (၂) လုံး၊ ရွှေဆိုင် (၁)ဆိုင်နှင့် ဆိုင်ကယ်ပြင်ဆိုင် (၁)ဆိုင်တို့ကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

KNU တပ်မဟာ (၄) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် များမှ ဒေသခံ (၅)ဦးအား အကြောင်းမဲ့ဖမ်းဆီး ရိုက်နှက်စစ်ဆေးခဲ့ပြီး နေအိမ် (၂)လုံးကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်များက ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးအလုံး (၁၀၀)ကျော်ပစ်ခတ်ခဲ့သော ကြောင့် အသက် (၁၃)နှစ်အရွယ် မိန်းကလေး (၁) ဦး ထိမှန် သေဆုံးခဲ့ရပြီး အသက် (၁၆) နှစ်အရွယ် မိန်းကလေး (၁) ဦး အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် (၄) လုံးထိခိုက်ပျက်စီးခဲ့ရပြီး နွား (၅) ကောင် သေဆုံးကာ (၃) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူ (၁)ဦးကိုလည်း အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း (၂၇) ကြိမ်ခန့်တွင် ဗုံးအလုံးရေပေါင်း (၇၈) လုံး နှင့် အော်လီဂန် အချက်ရေ (၁၀၀၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စပါးကျီ (၁၀)လုံးနှင့် နေ အိမ် (၉)လုံးမှာ မီးလောင်ပြာကျသွားပြီး နေအိမ်(၃၃)လုံးမှာထိ ခိုက်ပျက်စီးခဲ့ရ‌ကြောင်း သိရသည်။

ထို့အပြင် ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျွဲ (၁) ကောင်သေဆုံးကာ (၄) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံပိုင် နေအိမ်(၄)လုံးနှင့် စပါးကျီ (၄)လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြကာ ကတိုင်ထိအခြေစိုက် စစ်ကောင်စီတပ်များက သွာခိုလိုရွာနေ အသက် (၁၄)နှစ်အရွယ် ယောကျ်ားလေး (၁) ဦးအပါအဝင်  (၅) ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘောကျိုထာအခြေစိုက် နယ်ခြားစောင့်တပ် (BGF-1013) မှလည်း နိုဃဲထာရွားနေ အမျိုးသမီး (၁)ဦးအပါအဝင် (၃) ဦးအား ဖမ်းဆီးပြီး အမျိုးသမီးတစ်ဦးအား လွှတ်ပေးကာ “ရွာသူကြီးအား  ကျန် (၂) ဦးကို လာရွေးရန်ပြောလိုက်ပြီး ရွာလူကြီးကိုယ်တိုင် လာမရွေးပါက ပြန်မလွှတ်ပေးပါဟု ပြောဆိုခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် BGF များမှ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့  လက်နက်ကြီး (၁၂၅)လုံးကျော် ပစ်ခတ်ခဲ့သောကြောင့် ဦးဇင်း (၂)ပါး ပျံလွန်တော်မှုခဲ့ရပြီး ဦးဇင်း (၄)ပါး၊ ကိုရင် (၁)ပါးနှင့် အသက် (၁၀)နှစ်အောက် ကလေးငယ် (၂) ဦးအပါအဝင် စုစုပေါင်း (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၂)လုံးမှာ မီး လောင်ပြာကျသွားပြီး (၁၉) လုံးမှာ ထိခိုက်ပျက်စီးခဲ့ရကာ နွား (၅) ကောင် သေဆုံးပြီး (၅) ကောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၁) ကြိမ်ခန့်တွင် ဗုံးအလုံးရေ (၃၀) ထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency