တာချီလိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိသားစုဝင်၏ ကြိုတင်မဲများကို ထည့်ပေးသည့်အတွက် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လာ၍ (၄)မဲကို ပယ်မဲအဖြစ် သတ်မှတ်

တာချီလိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိသားစုဝင်၏ ကြိုတင်မဲများကို ထည့်ပေးသည့်အတွက် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လာ၍ (၄)မဲကို ပယ်မဲအဖြစ် သတ်မှတ်
နိုဝင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိသားစုဝင်၏ ကြိုတင်မဲများကို ထည့်ပေးသည့်အတွက် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်လာ၍ (၄)မဲကို ပယ်မဲအဖြစ် သတ်မှတ် 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲနှင့်ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီ၏ ကန့်ကွက်မှုကြောင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့က ဆန်ဆိုင်း (က) ရပ်ကွက်ဥက္ကဌအပါအဝင် မိသားစုဝင် (၄)ဦး၏ ဆန္ဒမဲများကို ပယ်မဲအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးလိုက်ကြောင်း သိရသည်။
“အမှန်အတိုင်းလုပ်ပါတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဘက်က တောင်းဆိုနေမယ်ဆိုရင် အငြင်းပွားဖွယ်ရာ ကိစ္စတွေဖြစ်နေမှာဖြစ်ပြီး တစ်ဖက်  ပြည်ခိုင်ဖြိုးပါတီကလည်း ဒီနေ့ပေးတဲ့ ဆန္ဒမဲပေးတဲ့အားလုံးကို ပယ်မဲအဖြစ် တောင်းဆိုလာတယ်ဆိုရင် ဖြေရှင်းရမယ့်ကိစ္စ ကြန့်ကြာလာမှာစိုးတဲ့အတွက် နှစ်ဦးနှစ်ဖက်သဘောကို မေးပြီးတော့ ပြည်ခိုင်ဖြိုးပါတီက နောက်ဆုံးမှာ ဒီ (၄) မဲကို ပယ်မဲအဖြစ် ဆုံးဖြတ်ချင် ဆုံးဖြတ်လိုက်ပါ။ ခင်ဗျားတို့ သဘောတူလားဆိုတော့ ဟုတ်ကဲ့ပါ ဥက္ကဌကြီးရဲ့ သမာသမတ်ကျတဲ့ဆုံးဖြတ်ချက်ကို လက်ခံပါမယ်လို့ပြောတယ်။ ဒါနဲ့ တစ်ဖက်ကိုလည်း မေးပါဦးမယ်ဆိုတော့ ရပ်ကွက်ဥက္ကဌကလည်း ကျွန်တော်ကတော့ အမှန်အတိုင်း ဆောင်ရွက်တာမှန်ပါတယ်တယ်တဲ့။ သို့ပေမဲ့ ဒီကိစ္စမှာ ကျွန်တော့်အတွက်ကြောင့်မို့ ပြဿနာတွေ ဖြေရှင်းရမှာတွေနဲ့ ဒီနေ့ပေးတဲ့ အခြားမဲတွေ ကန့်ကွက်မဲတွေဖြစ်သွားမှာစိုးလို့ ကျွန်တော် အလျော့ပေးပြီး ဥက္ကဌကြီး ဆုံးဖြတ်ချက်ကို လက်ခံပါမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါတယ်။”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၁)ရက်နေ့ ည (၁၁)နာရီဝန်းကျင် ညှိနှိုင်းဖြေရှင်းမှုအပြီးတွင် ပြောသည်။
ဆန်ဆိုင်း(က)ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးနေရာ ရပ်ကွက်ဥက္ကဌက မဲဆန္ဒရှင် (၄)ဦးစာထည့်သည့် အတွက် အဆိုပါ ရပ်ကွက်ရုံးမှ ကြိုတင်ဆန္ဒမဲများအား ပယ်မဲအဖြစ်သတ်မှတ်ပေးရန် ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ နိုဝင်ဘာလ (၁)ရက်နေ့က တင်ပြခဲ့သဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်မဲရုံတာဝန်ရှိသူများ၊ ကန့်ကွက်ထားသည့် ပြည်ခိုင်ဖြိုး (USDP) ပါတီမှ တာဝန်ရှိသူများနှင့် ဆန္ဒမဲထည့်သည့် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်မိသားစုတို့ ယင်းနေ့ ည (၁၁)နာရီအထိ ဆန်ဆိုင်း(က) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံညှိနှိုင်းရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ထဲက လေးမဲပေးသွားတာက ဘယ်ပါတီတွေကို ပေးတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ဒါက ရွေးကောက်ပွဲဥပဒေနဲ့ မညီဘူးဆိုလို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ သူပေးတဲ့ (၄)မဲလုံးကို နိုဝင်ဘာလ (၈)ရက်နေ့မှာ ပယ်မဲအဖြစ် သတ်မှတ်ပေးမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ သူက ထမင်းစားချိန်မှာ တမင်သက်သက်လုပ်သလိုဖြစ်သွားတော့ ရွေးကော်ဥက္ကဌလည်း သိသွားပါတယ်။ သိသွားတဲ့အတွက် မနက်ဖြန်ကစပြီး ထမင်းစားချိန်သတ်သတ်လုပ်ပေးမယ်။ နားချိန်ပေးပြီးတော့မှ ဆောင်ရွက်မယ်ဆိုတဲ့ အဖြေလေးတစ်ခုရပါတယ်။”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တာချီလိတ်ခရိုင် ဥက္ကဌ ဖြစ်သူ ဦးဘိုစံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ကန့်ကွက်ချက်အား စိစစ်ရာတွင် ရပ်ကွက်ဥက္ကဌအ နေဖြင့် ရွေးကောက်ပွဲနည်းဥပဒေ ၄၁ (က)နှင့် (ခ)တွင် ပြဌာန်းချက်များနှင့်အညီ အသက်အရွယ်ကြီးသည့် မိသားစုဝင်၊ နာမကျန်းဖြစ်သည့် မိသားစုဝင်များအတွက် ကူညီလုပ်ဆောင်ပေးခြင်းဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီက ဆန်ဆိုင်း(က)ရပ်ကွက်မဲရုံ၌ နိုဝင်ဘာလ (၁)ရက်နေ့၌ ပေးထားသည့် ဆန္ဒမဲအားလုံး ပယ်မဲအဖြစ် သတ်မှတ်ရန် တင်ပြမှုကြောင့် ဆက်လက်အငြင်းပွားမှုမဖြစ်စေရန် ကန့်ကွက်သည့်ပါတီနှင့် မဲဆန္ဒရှင် (၄)ဦးတို့ကြား ညှိနှိုင်းသဘောတူညီချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမိသားစု၏ ဆန္ဒမဲ (၄)မဲကို ပယ်မဲအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က ကျွန်တော်တို့ (၄)မဲကို ပယ်မဲအဖြစ် ပေးမယ်ပေါ့။ ကျွန်တော်တို့ (၄)မဲနဲ့ ကျန်တဲ့ (၁၆၈)မဲလုံး မပယ်စေချင်ဘူး။ ကိုယ့်အတွက်နဲ့လည်း အဲဒီလို မဖြစ်စေချင်ဘူးပေါ့။ ကျွန်တော်တို့ (၄)မဲပယ်လို့ သူတို့ ကျေနပ်မယ်ဆိုရင်လည်း ရတယ် ကျွန်တော် မကန့်ကွက်ပါဘူးလို့။ ကျွန်တော်တို့ (၄)မဲထဲနဲ့ သူများတွေ အများကြီး မနစ်နာစေချင်ဘူးလေ။ ကိုယ်လည်း စိတ်တော့မကောင်းဘူးပေါ့။ ဖြစ်သွားတယ်ဆိုတော့ မတတ်နိုင်ဘူးလေ။ ကိုယ်လည်း ဥပဒေဘောင်နဲ့သွားတာပဲ။ ကျွန်တော်လည်း တခြားလူကိုဆိုလည်း ဝိုင်း မကူပါဘူး။ ဒါတွေက ဥပဒေနဲ့ ပြဌာန်းထားတဲ့အညီ ဝိုင်းဝန်းကူညီလို့ရတယ်လေ တစ်အိမ်တည်းသားချင်းတွေကို။ ဥပဒေနဲ့ညီတယ်လေ။ ဒါပေမဲ့ စိတ်တော့မကောင်းပါဘူး။”ဟု ဆန်ဆိုင်း(က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်တစ်က ပြောသည်။
ရွေးကောက်ပွဲနည်း ဥပဒေ ၄၂ (က)အရ ဆန္ဒမဲပေးသူတစ်ဦးသည် ဆန္ဒမဲလက်မှတ်ရှိအမည်များကို မဖတ်တတ်လျှင် လည်းကောင်း၊ ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင်လည်းကောင်း သက်ဆိုင်ရာ မဲဆန္ဒရှင်၏ အိမ်ထောင်စုစာရင်းတွင်ပါရှိသော ဖခင်၊မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်းတစ်ဦးဦးသည် ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် ဆန္ဒမဲလက်မှတ်ပြုခန်း၌ လျှို့ဝှက်ဆန္ဒပြုရမည်။ ယင်းပုဂ္ဂိုလ်မရှိခဲ့လျှင် မဲရုံမှူးသည် ယင်းပုဂ္ဂိုလ်အား ကိုယ်စားဆောင်ရွက်ပေးရမည်။ ယင်းနောက် အဆိုပါ ဆန္ဒမဲလက်မှတ်ကို မဲပုံးအတွင်းခေါက်၍ ထည့်သွင်းရမည်ဟု ဖေါ်ပြထားသည်။
ယင်းနည်းဥပဒေ ၄၂(ခ)အရ မဲဆန္ဒရှင်က မသန်စွမ်းမဲဆန္ဒရှင်ဖြစ်နေလျှင် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ အိမ်ထောင်စုစာရင်းတွင်ပါရှိသော ဖခင်၊မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်းတစ်ဦးဦး သို့မဟုတ် ယင်းကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်သောသူတစ်ဦးဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခွင့်ပြုရမည်ဟု ဖေါ်ပြထားခြင်းဖြစ်သည်။
ယခုကန့်ကွက်မှုမှာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း တာချီလိတ်မြို့နယ်၌ ဆန္ဒမဲနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ကန့်ကွက်မှုဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 




~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~