ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနှင့်တိုက်ခိုက်

ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းနှင့်တိုက်ခိုက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လက်လုပ်အသေခံဒရုန်း (၂)စင်းဖြင့် ပစ်ခတ်ဖျက်ဆီးသည်ဟု KNU ထံမှ သိရသည်။

စစ်ကောင်စီသည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က အသေခံဒရုန်း(၂)စင်းဖြင့် တိုက်ခိုက်ရာ တစ်စင်းမှာ စာသင်ကျောင်းဆောင်‌ ခေါင်မိုးအားထိမှန်ခဲ့ပြီး နောက်တစ်စင်းမှာ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များပျက်စီးသွားပြီး တဂေးလောင်းကျေးရွာ နှင့် အနီးပတ်ဝန်းကျင်‌ရွာများမှ ဒေသခံများစိုးရိမ်နေကြရကာ စာသင်ကျောင်းများကိုလည်း လက်ရှိအခြေနေအရ ခေတ္တပိတ်ထားရသည်ဟု သိရသည်။ 

ထို့အပြင် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၃၁၀)အမြောက်တပ်မှ ယမန်နေ့ ည(၈)နာရီ (၄၅)မိနစ်အချိန်တွင် (၈၁)မမ လက်နက်ကြီး (၂)လုံးဖြင့် ပစ်ခတ်ရာ အခိုင်ကျေးရွာအရှေ့ဘက်ခြမ်းသို့  ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။ 

အဆိုပါ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အခိုင်ကျေးရွာနေ ဦးအောင်ငွေခြံအတွင်းသို့ လက်နက်ကြီးတစ်လုံး၊ ကိုဝင်းမောင် ခြံအတွင်းသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး လမ်းမီးတိုင်များနှင့် နွားတစ်ကောင်လည်း ဒဏ်ရာရသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:KNU-Doo Tha Htu District