စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး ကချင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး ကချင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဧပြီလ (၂)ရက်နေ့မှစ၍ ထိုးစစ်များရပ်နားကြောင်း ကြေညာပြီးနောက် ယင်းနေ့မှစ၍  ကချင်ပြည်နယ်အတွင်း လေကြောင်းမှ (၄)ကြိမ် တိုက်ခိုက်ထားကြောင်း သိရသည်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့မှ (၂၂)ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ (၂)ရက်နေ့ နှင့် (၃)ရက်နေ့ နံနက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ခဲ့ကြောင်း Kachin Political Interim Coordination Team က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်သည် ဧပြီလ (၂)ရက်နေ့ ညနေ (၅)နာရီ (၃)မိနစ်အချိန်တွင် ဝိုင်းမော်မြို့နယ်အတွင်းကို ဗုံးကြဲတိုက်ခိုက်ပြီး ဧပြီလ (၃)ရက်နေ့  နံနက် (၆)နာရီ မိနစ် (၂၀)အချိန်တွင် အင်းတော်မြို့ကို Y-12ဖြင့် ဗုံးအလုံးပေါင်း (၄၅)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ (၃)ရက်နေ့ နံနက် (၈)နာရီ မိနစ် (၄၀)တွင် Y-12 လေယာဉ်ဖြင့် ဗန်းမော်မြို့ကို ဗုံးအလုံးရေ (၃၀)ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ပြီး နံနက် (၉)နာရီ မိနစ် (၅၀)တွင် MI-1ဖြင့် ဖာနိုင်းရွာနှင့် ပဲဣုတ်စွပ်ရွာတို့ကို ဗုံးသီးအလုံး (၂၀) ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဝိုင်းမော်မြို့နယ်တွင်လည်း ယနေ့ ဧပြီလ (၃)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency