KNU နယ်မြေအတွင်း မတ်လ၏ (၁၅)ရက်တာတွင် တိုက်ပွဲ(၁၆၇)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ် နှင့် BGF (၅၄)ဦး သေဆုံးပြီး KNLA ဘက်က  (၇)ဦး ကျဆုံး

KNU နယ်မြေအတွင်း မတ်လ၏ (၁၅)ရက်တာတွင် တိုက်ပွဲ(၁၆၇)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ် နှင့် BGF (၅၄)ဦး သေဆုံးပြီး KNLA ဘက်က  (၇)ဦး ကျဆုံး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ(၅)နယ်မြေအတွင်း မတ်လ၏ နှစ်ပတ်တာကာလတွင် တိုက်ပွဲပေါင်း (၁၆၇)ကြိမ် ဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က (၅၄)ဦး သေဆုံးပြီး KNLA ဘက်က (၇)ဦးသည် ပြန်လည်ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့်အပြင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ(၁၅)ဦးအထိ သေဆုံးမှုရှိခဲ့ကြောင်း KNU ၏ မူတြော် သတင်းစဉ်က မတ်လ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

KNU  မူတြော်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ(၅)နယ်မြေအတွင်း ၂၀၂၂ခုနှစ် မတ်လ(၁)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ (၁၅)ရက်တာ ကာလအတွင်း၌ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် အပါအဝင် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းအဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)များအကြား ရင်ဆိုင်တိုက်ပွဲပေါင်း (၁၆၇)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ဘက်က (၅၄)ဦး သေဆုံးကာ (၄၀)ဦး ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဘက်က ခုခံရင်ဆိုင်တိုက်ခိုက်ရင်း တပ်ဖွဲ့ဝင် (၇)ဦး ကျဆုံးခဲ့ရပြီး (၁၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(၂)ပတ်တာ ကာလအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ သေဆုံးသည့်အပြင် စစ်ကောင်စီတပ်၏ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့် ယာဉ်(၁၂)စီးကို ဖျက်ဆီးနိုင်ခဲ့သလို စစ်မြင်းလား (၂)ကောင်ကိုလည်း သတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

အထိနာသည့် စစ်ကောင်စီတပ်က ဖာပွန်ခရိုင်အတွင်း ကမမောင်းမြို့အကြား ခွေးသေ နှင့် (၂၁)မိုင်ဒေသ အပြင် လူသောဒေသတို့တွင် ပြည်သူများရှိရာနေရာများ နှင့် လယ်ယာများသို့ လက်နက်ကြီးဖြင့် (၁၈၉)လုံး ရမ်းသမ်းကာ ပစ်ခတ်ခဲ့သလို လေယာဉ်ဖြင့်လည်း ဗုံး(၁၇)လုံး ကြဲခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ (၁၅)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။